ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)မှ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အောက်တိုဘာလ ၈ ရက်က အွန်လိုင်းကနေတဆင့် ဒုတိယအကြိမ်တွေ့ဆုံခဲ့တယ်လို့ SCEF က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
နှစ်နာရီခန့်ကြာတဲ့ အဲ့ဒီတွေ့ဆုံမှုအတွင်းမှာ အာရက္ခဒေသထဲ စစ်တပ်ရဲ့ လက်ရှိထိုးစစ်အခြေအနေ၊ SCEF ဖက်မှ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းစဥ်တချို့နဲ့ နိုင်ငံရေးမျှော်မှန်းတချို့ အသိပေးတာအပြင် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်း အခြေအနေအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြ တယ်လို့ ဆိုပါတယ်။
တွေ့ဆုံမှုအတွင်း SCEF ဘက်မှ ဒေါက်တာဇော်ဝေစိုးနဲ့ SCEF အလှည့်ကျ သဘာပတိ ခူဦးရယ် တို့ပါဝင်ပြီး ULA/AA ဘက်မှ ဒုဥက္ကဋ္ဌ(၁) ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်တဲ့ ထိပ်ပိုင်းခေါင်းဆောင် တွေ တက်ရောက်ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ လည်း တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၂၈ ရက်နေ့က အာရက္ခဒေသ ကျောက်တော်မြို့အနီး၊ အိန္ဒိယဈေး နဲ့ ကစ္ဆပနဒီတံတား လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၀ ဦး သေဆုံးပြီး ၅၇ ဦး ဒါဏ်ရာ ရရှိတဲ့ဖြစ်စဉ်အပေါ် အာရက္ခပြည်သူတွေနဲ့အတူ ထပ်တူဝမ်းနည်းပြီး ကန့်ကွက်ရှုတ်ချသွားမယ်လို့ SCEF က ထုတ်ပြန်ထားပါတယ်။
ယခု SCEF နဲ့ AA တို့ရဲ့ တွေ့ဆုံမှုဟာ ဒုတိယအကြိမ်တွေ့ဆုံတာ ဖြစ်ပြီး ပထမအကြိမ် အွန်လိုင်းတွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
Photo – ပုံဟောင်း