ပြိုကွဲနေတဲ့ မြန်မာနိုင်ငံမှ တရားဝင်ခွဲထွက်ပြီး ကော်သူးလေအဖွဲ့ကို လွတ်လပ်ရေးကြေငြာကာ လွတ်လပ်တဲ့ နိုင်ငံသစ်တစ်ခုဖြစ်တဲ့ ကော်သူးလေသမ္မတနိုင်ငံ ကို စတင်တည်ထောင်လိုက်ပြီလို့ ကော်သူးလေ အစိုးရက ယမန်နေ့ ဇန်နဝါရီလ ၅ ရက်က ကြေညာခဲ့ပါတယ်။

ကြေညာချက်ထဲမှာ ကရင်လူမျိုးများဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း ဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံ ခံရမှုတွေကို ဆက်တိုက် ခံစားလာခဲ့ရတဲ့အတွက် အရေးကြီး လုပ် ဆောင်ချက်တွေ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

ကော်သူးလေ အစိုးရဖွဲ့စည်းပုံအရ KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ သားဖြစ်သူ စောနယ်ဒါးဘိုမြ ကို သမ္မတအဖြစ် ခန့်အပ်ထားပြီး၊ ဒုသမ္မတ- ၁ အဖြစ် စောဆာဂေးဖိုး၊ ဒုသမ္မတ- ၂ အဖြစ် စောဒေးဗစ်သာကဘော၊ ဝန်ကြီးချုပ်အဖြစ် စောဖိုးသူးလး နဲ့ ဒုတိယဝန်ကြီးချုပ်နှင့်ယာယီကာကွယ်ရေးဝန်ကြီး အဖြစ် စောဒေးဗစ်လာဒူး တို့ခန့်အပ်ထားတယ်လို့ဆိုပါတယ်။

ကော်သူးလေသမ္မတနိုင်ငံဟာ ဒီမိုကရေစီစနစ်၊ ဥပဒေမဏ္ဍိုင် အုပ်ချုပ်မှုကို အခြေခံတဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်မှာဖြစ်ပြီး လွတ်လပ်သော စျေးကွက်စီးပွားရေးကို အခြေခံကာ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေး မတည်မငြိမ်တဲ့ကြားကနေ ဖြစ်ပေါ်လာတဲ့ ကော်သူးလေနိုင်ငံသစ် ထူထောင်ခြင်းဟာ ဒေသတွင်း ပထဝီနိုင်ငံရေးအပေါ် သက်ရောက်မှုရှိလာနိုင်ပြီး မငြိမ်မသက်မှုတွေလည်း ဆက်လက်ဖြစ်ပေါ် နေဦးမယ်လို့ နိုင်ငံရေးလေ့လာသူ တွေက သုံးသပ်ထားပါတယ်။

Photo – Kawthoolei Army
Ref: ThaiPBS