သျှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလကတည်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့က စစ်ဆင်ရေး(၁၀၂၇)ကို စတင်ခဲ့ပြီး သျှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို လေကြောင်းတိုက်ခိုက်မှုအပြင် အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ်များ အသာရရှိခြင်းမရှိဘဲ တပ်စခန်းတစ်ခုပြီးတစ်ခု သိမ်းပိုက်ခြင်း ခံနေရသည်။
သျှမ်းမြောက်တွင်သာ စစ်ရှုံးနေခြင်းမဟုတ်ဘဲ မကွေးတိုင်းဒေသကြီး မုန်းမြို့ကို KNLA ပူးပေါင်းတပ်များက ယမန်နေ့(ဒီဇင်ဘာလ၄)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့များအပါအဝင် NUG ကပါ ထုတ်ပြန်လာပါသည်။ မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်း(၂)ရင်းနှင့် စစ်စခန်းများအားလုံး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီတပ်သား(၁၇)ဦးလည်း လက်နက်ချအညံ့ခံခဲ့သည်ဟု ဆိုသည်။
တစ်ခြားတစ်ဖက်တွင် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “တပ်စခန်းတွင် တိုက်ခိုက်ခံနေရတာတော့ ဟုတ်ပါတယ်။ ကျသွားတယ်ဆိုတာတော့မဟုတ်ဘူး။ အဲ့ဒီမှာရှိတဲ့ ကျနော်တို့တပ်ရင်း(၂)ရင်းနဲ့ အရန်တပ်ဖွဲ့တွေက ခုခံကာကွယ်တိုက်ခိုက်နေတာဖြစ်ပါတယ်။” ဟု ယမန်နေ့က ပြောဆိုခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား(ကရင်နီပြည်နယ်)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအပြင် နေရာအနှံ့တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ အသာရရှိခြင်းမရှိဘဲ ၎င်းတို့တပ်သားများသာ လက်နက်ချအညံ့ခံရနေရသည်ကို တွေ့မြင်နေရသည်။
