အောက်တိုဘာလ(၁၀)ရက်နေ့၌ သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းရူးမြို့နယ် ဟိုနမ့်ကျေးရွာရှိ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသော (၇)နှစ်အရွယ်ကျောင်းသူနန်းငင်းနွံအား စာမရသောကြောင့်ဟုဆိုကာ ဆရာမဖြစ်သူ နန်းနွန်းက ဒဏ်ရာပြင်းထန်စွာရရှိသည်အထိ ပြင်းထန်စွာရိုက်နှက်မှုပြုလုပ်ခဲ့သည်။
ယခုအခါ ကလေးငယ်အား ပြင်းထန်စွာဒဏ်ရာရသည်အထိ ရိုက်နှက်ခဲ့သော ဆရာမက လျော်ကြေးသိန်း(၅၀)ကျပ်ပေးပြီး ကျေအေးပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဒါ့အပြင် အစောပိုင်းကလည်း ကလေးငယ်ဆေးကုသစရိတ်(၅)သိန်းကျပ်ပေးခဲ့သည့်အတွက် စုစုပေါင်း(၅၅)သိန်းကျပ်ဖြစ်သည်။
“ကလေးရဲ့မိဘတွေက ကတော့ ရန်ကိုရန်ချင်းမတုန့်ပြန်ချင်လို့ ဆရာမလာပေးတဲ့ ငွေကျပ်သိန်း(၅၀)ကိုလက်ခံပြီး ကျေအေးပေးလိုက်တယ်ပေါ့လေ။ ငွေမက်လို့ ကျေအေးပေးလိုက်တာတော့ဘယ်ဟုတ်မလဲ။ ကလေးက အခုဆိုရင်အိမ်ထဲကနေ အိမ်ပြင်ကို မထွက်သလို သူများတွေနဲ့လည်း စကားမပြောဘူး။ ပြီးတော့ သူ့ပုံတွေက သတင်းတွေထဲမှာ ခဏခဏပါလာပြီး လာကူညီကြတာတွေများလာတော့ ကလေးကပိုရှက်တာပေါ့။ ဒီလိုပဲ ဆက်သွားနေရင် ကလေးအတွက်ပိုပြီး စိတ်ဒဏ်ရာပိုဖြစ်စေမှာစိုးရိမ်လို့ မိဘတွေဘက်က ကျေအေးပေးလိုက်တာပေါ့။ တကယ်တမ်းကျတော့ အစကတည်းက မိဘတွေဘက်က အမှုတောင်မဖွင့်ခဲ့သလို ဘယ်ကိုမှတောင် တိုင်တန်းတာမျိုးမလုပ်ခဲ့ဘူး။” ဟု ကလေးမိဘနှင့်နီးစပ်သော ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပြသည်။
ကလေးငယ်သည် ရိုက်နှက်ခံရသောဒဏ်ရာကြောင့် ခိုလမ်စစ်ဆေးရုံတွင် (၈)ရက်ကြာ ကုသမှုခံယူခဲ့ရသည်။ ဒါ့အပြင် ဒဏ်ရာသက်သာခြင်းမရှိသောကြောင့် အောင်ပန်းဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရပြီး အောက်တိုဘာလ(၂၄)ရက်နေ့တွင် ဆေးရုံဆင်းခဲ့သည်။ ကလေးမိဘဘက်က ကျေအေးပေးခဲ့သော်လည်း ပညာရေးဘက်က တာဝန်ရှိသူများအနေဖြင့် ပညာရေးဝန်ဆောင်မှုပေးနေသော ဝန်ထမ်းတစ်ဦးက ယခုကဲ့သို့ ကျောင်းသူတစ်ဦးအပေါ် ပြင်းထန်စွာဒဏ်ရာရရှိစေခဲ့မှုအတွက် အရေးယူအပြစ်သင့်ကြောင်း သျှမ်းပညာရေးအသိုင်းအဝိုင်းများက ပြောဆိုကြသည်။