သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ CS Hotel နှင့် နယူးအာရှ တည်းခိုခန်းရှေ့၌ ယနေ့ စက်တင်ဘာလ (၁၉) ရက်နေ့ ညနေ (၅း၂၅) နာရီခန့်တွင် ဗုံးပေါက်ကွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
တည်းခိုခန်းရှေ့တွင် ရပ်ထားသော ဆိုင်ကယ်ဗုံးကြောင့် ဗုံးပေါက်ကွဲသည်ဟု ယူဆရပြီး ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား (၃) ဦး၊ အမျိုးသမီး (၂) ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။ ဒါ့အပြင် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသည်ဟုလည်း ဒေသခံတစ်ချို့က ပြောပြသည်။
လားရှိုးမြို့တွင် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံမှ ဟိုတယ်နှင့် စီးပွားရေးလုပ်ငန်းရှင်များထံ ဆက်ကြေးတောင်းခံစာများ မကြာခဏပေးပို့ပြီး မပေးပါက ယခုလို ဗုံးခွဲခြိမ်းခြောက်မှု ပြုလုပ်လေ့ရှိသည်။
