၂၀၂၃ ခုနှစ် ဇွန်လ (၁၆) ရက်နေ့က သျှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ပြင် လုံလိတ်ကျေးရွာတွင် UWSA ဝ တပ်ဖွဲ့၏ စစ်သားဝတ်စုံများ ဝတ်ဆင်ပြီး တန့်ယန်းမြို့တွင် ဓားပြတိုက်နေသည့် အဖွဲ့အား ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။ လုံလိတ်ကျေးရွာရှိ နေအိမ်တစ်အိမ်အား ဓားပြလာတိုက်နေစဉ် ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူများတွင် စုစုပေါင်း အမျိုးသား (၅) ဦးဖြစ်ပြီး ၎င်းတို့နှင့်အတူ ဓားနှစ်လက်၊ ပစ္စတိုသေနတ်တစ်လက်နှင့် UWSA ဝတ်စုံတစ်စုံကို တွေ့ရှိခဲ့သည်ဟုဆိုသည်။
၎င်းတို့တွင် အဖွဲ့ဝင် (၂၀) ဦးခန့်ရှိသည်ဟုဆိုကာ တန့်ယန်းမြို့နယ်၌ ဓားပြတိုက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်နေကြသည့်အဖွဲ့ဖြစ်ပြီး ယခင်ကလည်း တန့်ယန်းမြို့ ရပ်ကွက် (၆) တွင် ဓားပြတိုက်ရင်း အဘွားအိုတစ်ဦးအား ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ဝန်ခံထားသည်ဟုဆိုသည်။
