လန်ဒန်မြို့ရှိ ဗြိတိသျှစာကြည့်တိုက် (British Library) တွင် Chevening ထောက်ပံ့ကြေးနှင့် သုတသနပြုလုပ်ရန်အတွက် မူဆယ်မြို့မှ သျှမ်းပုရပိုက်စာဆိုတော်လူငယ် တစ်ဦးဖြစ်သည့် စိုင်းဆိုင်းလှိုင် (ခ) မျိုးသန့်လင်း ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
၁၂ လကြာထောက်ပံ့ကြေးအပြည့်နှင့် စိုင်းဆိုင်းလှိုင်းသည် ဗြိတိသျှစာကြည့်တိုက်၏ စုစည်းမှုမှ သျှမ်းဘာ သာစကားစာမူများကို သုတေသနပြုကာ သျှမ်းစာပေယဉ်ကျေးမှုကို ပိုမိုကျယ်ပြန့်စွာ နားလည်လာစေရန် ရည်ရွယ်ချက်ဖြင့် ပါဝင်ကူညီမည်ဖြစ်ကြောင်း သိရသည်။
စိုင်းဆိုင်းလှိုင်းသည် ပုရပိုက်စာဆိုတော် (zare) တစ်ဦးဖြစ်ပြီး သျှမ်းပြည် ဗုဒ္ဓဘာသာတက္ကသိုလ်မှ ဘွဲ့ရတစ်ဦးလည်း ဖြစ်သည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ ထေရဝါဒဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော စာပေများကို ရေးဖွဲ့၊ ကူးယူ ဖတ်ရှုသည့် ပုရပိုက်စာဆိုတော် ပညာရှင် မိသားစုတွင် ကြီးပြင်းခဲ့ပြီး အသက် ၁၆ နှစ်မှစတင်၍ ပုရပိုက်စာဆိုတော်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ကာ ပဋိစ္စသမုပ္ပါဒ် (ဝိပဿနာတရားတော်)၊ ဇာတ်တော်၊ ဗုဒ္ဓဘာသာ စိတ်နေစိတ်ထား၊ ဗုဒ္ဓဘာသာကျင့်ထုံးများဖြစ်သည့် ပေးကမ်းမှု (ဒါန)၊ အကျင့် (သီလ)၊ စာနာရိုင်းပင်းတတ်မှု (ကရုဏာ) နှင့် ကမ္မဋ္ဌာန်း (ဘာဝနာ) ဆိုင်ရာ ခေါင်းစဥ်များအပေါ် ပုရပိုက်စာပေ (၆) အုပ် ရေးသားခဲ့သည်။
ဗြိတိသျှစာကြည့်တိုက်စုစည်းမှုတွင် ၁၈ ရာစုနှင့် ၁၉ ရာစုနှစ်များအတွင်း သျှမ်းဘာသာစကားဖြင့် လက်ရေးစာမူ ၁၀၀ ခန့် ပါဝင်ပြီး ရိုးရာပုံစံဖြင့် အနုစိတ်အလှဆင်ထားသော ခေါက်စာအုပ်များ ပါဝင်ကြောင်း သိရသည်။