မိုင်းဖုန်းဆရာတော်ဘုရားကြီး ထီးတင်ပေးခဲ့ဖူးသော သျှမ်းပြည်၊ မိုင်းတုံမြို့နယ်ရှိ မင်းကွန်းစေတဝန် ကမ္ပဌာန်းကျောင်းတိုက် ဆုတောင်းပြည့်စေတီကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ညက စကစဌာနဆိုင်ရာများ ညတွင်းခြင်းငြမ်းစင်ပြီး ထုံးပြန်သုတ်လိုက်ကြကြောင်း သိရသည်။
“စေတီကို မနှစ်တုန်းက ထီးတင်ကတည်းက ဆေးအကောင်းသုတ်ပြီးသားဖြစ်တယ်။ ဘာယတြာချေတာလည်းတော့မသိဘူး၊ ည ၈း၀၀ လောက်ကနေ မနက်မိုးလင်းထိ ထုံးပြန်သုတ်သွားကြတယ်” ဟု မြို့ခံတချို့က ပြောပါသည်။
ယင်းကဲ့သို့ စကစဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိပဲ ရုတ်တရက်လာရောက် ထုံးသုတ်ကြခြင်း ဆူညံကြခြင်းကြောင့်၊ ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံများနှင့် ယောဂီများ တရားကျင့်ကြံအားထုတ်နေသောပုဂ္ဂိုလ်များအတွက် စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်ဟုဆိုသည်။
ယင်းနောက် နောက်တနေ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စစ်ကောင်စီခန့် သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် ကျိုင်းတုံတိုင်းမှူး လာရောက် ကြည့်ရူ့ ထုံးသုတ် ဓါတ်ပုံရိုက်သွားကြသည်ဟု သိရသည်။
မိုင်းဖုန်း ဆရာတော်ဘုရားကြီး ဂူအောင်းတရားကျင့်ကြံအားထုတ်ရာမှ ထွက်လာပြီး ယမန်နှစ် သြဂတ်လ ၅ ရက်နေ့ နံနက် ၆း၀၀ နာရီဝန်းကျင်၌ ထီးတင်ပေးခဲ့သော ပထမဦးဆုံး ဆုတောင်းပြည့်စေတီတဆူဖြစ်သည်ဟု သိရသည်။
