ရန်ကုန်−မန္တလေး အမြန်လမ်းမကြီးပေါ် ပြေးဆွဲသွားလာနေကြတဲ့ ခရီးသည်တင်ယာဥ် Express များအနေနဲ့ ခရီးသည်ရဲ့ ကုန်ပစ္စည်းမှလွှဲပြီး အခြားကုန်ပစ္စည်း မတင်ဆောင်ဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ယမန်နေ့ အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။
ခရီးသည်တင်ယာဥ်ပေါ် ကုန်တင်ပါက ကုန်အလေးချိန်ကြောင့် ယာဥ်ဘီးပေါက်တာ၊ ဘရိတ်မမိတာနဲ့ ယာဥ်တိမ်းမှောက်နိုင်တာ ဖြစ်တာကြောင့် ယခုလို တားမြစ်လိုက်တာဖြစ်ပြီး Express ကားများအနေနဲ့ ကညန က သတ်မှတ်ထားတဲ့ ခရီးသည်ဦးရေ အတိုင်းသာ တင်ဆောင်ဖို့နဲ့ တာယာ/ဘရိတ်/အောက်ပိုင်း စနစ်တွေ အမြဲစစ်ဆေးတာတွေ ပြုလုပ်ထားရှိဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Express ကားပေါ် ကုန်တင်လာတာတွေကို စစ်ဆေးတွေ့ရှိပါက အမြန်လမ်းမကြီးများဥပဒေအရ အရေးယူခံရမယ့်အပြင် အမြန်လမ်းသုံးစွဲခွင့်ပါ ရုပ်သိမ်းတာခံရမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။
ယခု အောက်တိုဘာလအတွင်း ရန်ကုန်−မန္တလေး အမြန်လမ်းပေါ်မှာ ယာဥ်မတော်တဆမှု ၁၀ မှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၈ ဦးရှိကာ အတွင်းလူနာ ၁ ဦးနဲ့ သေဆုံးသူ ၂ ယောက်ရှိတယ်လို့ အမြန်လမ်း မကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ရဲ့ မှတ်တမ်းများအရ သိရပါတယ်။