ပဋိပက္ခတွေကြောင့် ထိခိုက်နေတဲ့ မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာမှုအကူအညီများ ပိုမိုလက်လှမ်း မီစေရေး ကြိုးပမ်းမှုတွေ ဆွေးနွေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ဟာ လူသားချင်းစာနာမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံသို့ လာရောက်မယ်လို့ သံတမန် သတင်းရင်းမြစ်များရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းသတင်းဌာန Thai PBS က ဖော်ပြပါတယ်။
အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဇာ လာဇာရို (Maria Teresa Lazaro) ဟာ အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ နေပြည်တော်သို့ သွားရောက်ပြီး ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံမယ်လို့ ဆိုပါတယ်။
လာဇာရိုဟာ မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြေရှင်းပေးဖို့ အာဆီယံက ကြိုးပမ်းနေတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
လာဇာရို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ အဆင့်မြင့်အရာရှိတွေနဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ အခြေစိုက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှုအကူအညီ ညှိနှိုင်းရေး ဗဟိုဌာန (AHA Centre) မှ ကျွမ်းကျင်သူတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
လာဇာရိုနဲ့ AHA Centre အဖွဲ့ဟာ သျှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့လည်း သွားရောက်မှာဖြစ်ပြီး ဒေသတွင်း ကယ်ဆယ်ရေး အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ လူသားချင်းစာနာမှု ဆိုင်ရာ လိုအပ်ချက်တွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။
လာဇာရိုရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားခြင်းမရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မကြာသေးမီက အပြုသဘောဆောင်တဲ့ တိုးတက်မှုများ ပေါ်ပေါက်လာပြီးနောက် လာဇာရိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ မီဒီယာတွေရဲ့ ခန့်မှန်းဖော်ပြမှုတွေ အများအပြား ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံက ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ခန့်အပ်ထားတဲ့ ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ထားပေမယ့် အဆင့်နိမ့်အရာရှိကိုတော့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ လုပ်ဆောင်ချက်တွေကို ရှင်းလင်းတင်ပြနိုင်ဖို့ အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်ပြုထားပါတယ်။
အခု အာဆီယံဆွေးနွေးပွဲတွေမှာ မြန်မာ ပြန်လည်ပါဝင်ရောက်သင့်မသင့် သုံးသပ်ဖို့ အာဆီယံရေးရာ ညှိနှိုင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဧပြီလက သဘောတူညီခဲ့တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ယနေ့ချိန်အထိ အပြည့်အဝ လိုက်နာအကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘူးလို့ ထပ်မံပြောကြားထားပါတယ်။
အာဆီယံနဲ့ သက်ဆိုင်တဲ့ ထိပ်သီးအစည်းအဝေးတွေကို အခုလာမယ့် နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်နေ့ အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
သုံးရက်ကြာ ကျင်းပမယ့် အဆိုပါအစည်းအဝေးများသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်ဝန်ကြီးချုပ် လီချန်၊ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ၊ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်နဲ့ နယူးဇီလန်ဝန်ကြီးချုပ် ခရစ္စတိုဖာ လူဇွန်တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၂၀ နီးပါး တက်ရောက်ရန် မျှော်လင့်ထားတယ်လို့ သိရှိရပါတယ်။
Ref: Thai PBS