ငြိမ်းချမ်းရေးအသီးအပွင့်တွေ မစံစားရ၊ မခံစားရလို့ ဒေသခံ လူထုတွေအနေနဲ့ (၁၁)နှစ်သား NCA စာချုပ်အပေါ် ယုံကြည်ကိုးစားမှုတွေ လျော့နည်းကျဆင်းခဲ့တယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစိုင်းငင်း က ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ NCA (၁၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် NCA စာချုပ်အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ကြည့်ပါက ယနေ့အထိ အပြည့်အဝ ဖော်ဆောင်နိုင်ခြင်း မရှိဘဲ ၂၀၂၁ ခုနှစ် နိုင်ငံရေးအခြေအနေ ပြောင်းလဲပြီးတဲ့ နောက်ပိုင်း NCA စာချုပ် အကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းတွေ ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ မရှိမဖြစ် လိုအပ်တဲ့ ယုံကြည်မှုတွေကို ဆွေးနွေးဖော် ဆွေးနွေးဖက် အချင်းအချင်းကြားမှာ တည်ဆောက်နိုင်ခဲ့ခြင်းမရှိလို့ NCA အကောင်အထည်ဖော်ဆောင် ရေးလုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ၊ တစ်ဆို့မှုတွေ၊ အထစ်အငေါ့တွေ ရှိခဲ့ပြီး ရည်မှန်းချက် ပန်းတိုင်ထံ မရောက်နိုင်ခဲ့ဘူးလို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
အတိတ်ကာလမှာ ၁၉၄၇ ပင်လုံ သဘောတူညီချက်၊ ပင်လုံကတိကဝတ်တွေ လျစ်လျူရှု၊ ဖယ်ကြဉ် ထားခံခဲ့ရလို့ ပြည်ထောင်စုကို စုပေါင်းတည်ဆောက်ခဲ့ကြတဲ့ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်း ဒေသ၊ သျှမ်းပြည်နဲ့ ပြည်မ ခေါင်းဆောင်တွေအကြား ယုံကြည်မှုတွေ ပျက်သုဉ်းခဲ့ရတဲ့ သာဓကတွေ ရှိခဲ့တာကို သတိချပ်သင့် ကြောင်း ၎င်းက ပြောပါတယ်။
ဒါ့ကြောင့် လက်ရှိနိုင်ငံရေး အခြေအနေ အခင်းအကျင်းအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို အချက် (၁၀)ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေး ရရှိလိုတဲ့ နိုင်ငံရေးဆန္ဒ၊ တိကျရှင်းလင်းတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် မူဝါဒ၊ ဖြေလျှော့မှုများ၊ တည်ငြိမ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ယန္တရား၊ တန်းတူရည်ရှိခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်း၊ အလွတ်သဘောဆွေးနွေးပွဲ၊ ကျင်းပမယ့်နေရာ၊ လူထုနဲ့ Stakeholders များ ပါဝင်ခြင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အခန်းကဏ္ဍနဲ့ သတင်းမီဒီယာ၏ ကူညီပံ့ပိုးခြင်း စတာတွေ ဆောင်ရွက်စေလိုတယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို အထက်ပါအချက်တွေနဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုပါက မိမိတို့ အားလုံးနဲ့ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို မုချမသွေ ရရှိဆောင်ရွက်နိုင်လိမ့်မယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။