နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တစ်ပြည်တစ်ရွာရောက် ရတနာလေးများ

တစ်ပြည်တစ်ရွာရောက် ရတနာလေးများ

Hsan Loi Editor
02/10/2026
Share:

(အင်တာဗျူးကဏ္ဍ၊ ရိုးမအသံ)

စစ်ဘေးရှောင်ဒုက္ခသည်ဆိုသည့် ဝေါဟာရသည် သျှမ်းပြည်သားတို့အတွက် ရှင်သန်ရသည့်ဘဝနှင့် ထပ်တူ ပေါက်ဖွားလာသလားဟု ဆိုရလောက်အောင် အပ်ကျမတ်ကျ ဖြစ်နေသည်မှာ နိုင်ငံလွတ်လပ်ရေး ရပြီး ချိန်လောက်ကစ၍ ယခုအထိပင်ဖြစ်သည်။ တရုတ်ဖြူကျူးကျော်စစ်ဟုဆိုသည့် စစ်ပွဲများက အစပြု၍ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းအပြီး သျှမ်းပြည်အတွင်းဖြစ်ပွားသည့် စစ်ပွဲများအလယ်၊ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်း အပြီး ဖြစ်ပွားလာသော စစ်ပွဲများအဆုံးသာမက ၁၀၂၇အမည်တပ်၍ သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နယ်မြေလုစစ်ပွဲများအထိ သျှမ်းပြည်သားတို့မှာ ကျောကော့အောင် ခံစားကြရသည်။ ထိုစစ်ပွဲများအကြားတွင် အသက်နှင့် ခန္ဓာမဆုံးပါးပဲ ကျန်ရစ်ရရှာသည့် သျှမ်းပြည်သားတို့မှာ မိမိတို့၏ ဘဝရပ်တည်ရေးအတွက် နယ် မြေချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံအတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်ကာ အောက်ခြေလုပ်သားများ ဘဝဖြင့် နိမ့်ပါးစွာ ဆက်လက်နေထိုင်ခဲ့ကြရသည်မှာလည်း မျိုးဆက်(၃)ဆက်မကတိုင် ရှိခဲ့ပြီဖြစ်သည်။ မိဘ များအနေဖြင့် ရွှေ့ပြောင်းလုပ်သားဘဝတွင် ကြိုးစားရပ်တည်ကြရသကဲ့သို့ ၄င်းတို့၏ သား၊ သမီးများ တစ်ပြည် တစ်ရွာတွင် မျက်နှာမငယ်ရစေရန်၊ ခေတ်ပညာ သင်ယူနိုင်ကြစေရန်အတွက်လည်း ကြိုးစားကြရသည်။ အထူး သဖြင့် ၄င်းတို့၏ သားသမီးများကို မိခင်သျှမ်းဘာသာစကား၊ သျှမ်းစာပေနှင့် ဓလေ့ထုံးတမ်းများကို ကောင်းမွေ တစ်ခုအဖြစ် ပေးချင်သည့် ဆန္ဒများ ရှိကြသည်။ ထိုဆန္ဒများကို စုပေါင်း၍ အကောင်အထည်ဖော်လိုက်သည့် အခါ မိခင်ဘာသာစကားအခြေပြု ညစာသင်ဝိုင်းအချို့ကို ခက်ခဲမှုများကြားမှ ထူထောင်နိုင်ခဲ့ကြပါသည်။ ဤ တစ်ပတ်တွင် ၄င်းမိခင်ဘာသာစကားအခြေပြု ညစာသင်ဝိုင်းများတွင် ပညာဒါနအဖြစ် သင်ကြားပေး နေသည့် ဆရာဟန်မောဝ်းကို ဆက်သွယ်၍ ရွှေ့ပြောင်းလုပ်သားများ၏ ရင်သွေးငယ်တို့ ရင်ဆိုင်ကျော်ဖြတ်နေရသည့် ပညာရေးခရီးလမ်းအကြောင်းကို မေးမြန်းတင်ဆက်လိုက်ပါသည်။

မေး- ပထမဆုံး ဆရာ့အကြောင်းနဲ့ သျှမ်းရွှေ့ပြောင်းလုပ်သားများရဲ့ သားသမီးများအတွက် ပညာစသင်ကြား ပေးဖြစ်ပုံကို မေးမြန်းလိုပါတယ်?

ဖြေ- ကျွန်တော်နာမည်ကတော့ ဟန်မောဝ်း(Han Mao)ဖြစ်ပါတယ်။ ကျွန်တော်က လူမှုအသိုင်းအဝိုင်း အတွက် အကျိုးပြုလုပ်ငန်းများမှာ စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်နေတဲ့ ကျောင်းသားလူငယ်တစ်ဦး လည်း ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံ၊ သျှမ်းပြည်ကတဆင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ Payap တက္ကသိုလ်မှာ ပညာလာသင်ယူခဲ့ပါတယ်။ တက္ကသိုလ်မှာ တစ်နှစ်ကျော်လောက် တက်ပြီးတဲ့နောက်မှာ သျှမ်း ရွှေ့ပြောင်းလုပ်သားများရဲ့ ကလေးငယ်တွေအတွက် scholarshipပေးတဲ့အပြင် ညပိုင်းအချိန်တွေမှာ ကလေးတွေကို မိခင်သျှမ်းဘာသာစကား၊ သျှမ်းစာပေ၊ ယဉ်ကျေးမှု၊ အင်္ဂလိပ်ဘာသာစကားနဲ့ ကလေးငယ်များ ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားပြီး သင်ကြားပေးသော အဖွဲ့အစည်းတစ်ခုမှာ ပညာဒါနအဖြစ် စတင်ပါဝင် ကူညီပေးရင်း နဲ့ ယခုချိန်အထိ ဆက်လက်လုပ်ဆောင်ဖြစ်နေပါတယ်ခင်ဗျ။

မေး- ဆရာစာသင်ကြားပေးနေတဲ့ ရွှေ့ပြောင်းစာသင်ဝိုင်းငယ်လေးတွေက အရေအတွက်ဘယ်လောက် ရှိ သလဲ? စာသင်ဝိုင်းတွေရဲ့ပုံစံနဲ့ အခြေအနေကိုလည်း ရှင်းပြပေးနိုင်မလား?

ဖြေ- ဟုတ်ကဲ့။ ချင်းမိုင်မြို့နယ်နဲ့ မြို့အနီးအနီးတစ်ဝိုက်မှာ သျှမ်းရွှေ့ပြောင်းကလေးငယ်များအတွက် ဖွင့်လှစ် ထားတဲ့ ရွှေ့ပြောင်းစာသင်ဝိုင်း စုစုပေါင်း လေးနေရာခန့် ရှိပါတယ်။ ကျွန်တော်တို့ လက်လှမ်းမမီ တဲ့နေရာတွေ မှာလည်း ဒီထက်မကလည်း ရှိနေနိုင်ပါတယ်။ ကလေးငယ်များကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ ရှိတဲ့ ယာယီတဲကလေးတွေမှာ နေထိုင်ကြရပါတယ်။ သူတို့ရဲ့မိဘတွေ အလုပ်လုပ်နေတဲ့ contruction companyများရဲ့ projectလုပ်ငန်းတွေ ပြီးဆုံးသွားလျှင်တော့ မိဘများနှင့်အတူ လုပ်ငန်းသစ်ရှိရာဆီကို ဆက် လက်ရွှေ့ပြောင်း နေထိုင်ကြရတာပေါ့ဗျာ။ အဲသည်အခါ သူတို့နေ့တဲ့ campထဲမှာ ဖွင့်ထားတဲ့ စာသင်ဝိုင်းတွေ ကလည်း ကလေးတွေရှိရာကို လိုက်ပြီးရွှေ့ပြောင်းကြရပါတယ်။ ဒါကြောင့် စာသင်ဝိုင်းနေရာများဟာ အခန်း ကောင်းကောင်းနဲ့ နေရာအတည်ရှိနိုင်ဖို့က မလွယ်ကူလှပါဘူးခင်ဗျာ။

မေး- ဒါဆို စာသင်ဝိုင်းတစ်ခုမှာ ကျောင်းသားအရေအတွက် ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ သင်ကြားရေး ပိုင်းမှာ ဘယ်လိုသင်ကြားပေးနေသလဲ ဆိုတာကိုလည်း ရှင်းပြပေးပါဦး?

ဖြေ- ဟုတ်ကဲ့။ စာသင်ဝိုင်း တစ်ခုမှာ ပျမ်းမျှအားဖြင့် ကလေး ၁၅ဦးအထက် ရှိပါတယ်။ ကလေးများရဲ့ အသက် အရွယ်ကတော့ လေးနှစ်ကနေ ဆယ်သုံးနှစ်ကြားမှာ ရှိကြပါတယ်။ ဆယ့်သုံးနှစ်အထက်ရှိသော ကလေးများ ကတော့ ၎င်းတို့ရဲ့ အရွယ်အပိုင်းအခြားကြောင့် စာသင်ဝိုင်းများနဲ့ ဝေးကွာသွားတာကိုလည်း တွေ့ နေရပါတယ်။ စာသင်ဝိုင်းများမှာ အဓိကအားဖြင့် သျှမ်းစာပေနှင့် အင်္ဂလိပ်စာပေကို အဓိကထားပြီးသင်ကြားပေးနေပါတယ်။ သျှမ်းစာသင်ကြားရေးအတွက်တော့ အခြေခံသျှမ်းစာသင်ရိုးစာအုပ်ဖြစ်တဲ့ (ပပ်ႉႁဵၼ်းလိၵ်ႈတႆး မႁႃႈတူဝ်) စာအုပ်နဲ့ သင်ကြားပေးနေပါတယ်။ ဒုတိယသင်ကြားပေးတဲ့ ဘာသာရပ်ကတော့ အင်္ဂလိပ်စာဖြစ်ပါတယ်။ အင်္ဂလိပ်စာဘက်မှာတော့ ကလေးတွေရဲ့ တတ်မြောက်ကျွမ်းကျင်လာမှု အပေါ်အခြေခံပြီးတော့ သင်ကြားရေး မှာ levelအလိုက် ခွဲထားပေးပါတယ်။ အခြေခံအားဖြင့် level နှစ်ခုခွဲထားပြီး beginnerနဲ့ elementary ဆိုပြီး ရှိပါတယ်။ တစ်ခြားဘာသာ ရပ်များဖြစ်ကြသော personal development နဲ့ culture အပိုင်းတွေကိုလည်း ဖြည့်စွက် သင်ကြားပေးနေပါတယ်။ ကံကောင်းတယ်လို့ ဆိုနိုင်တာကတော့ ထိုင်းနိုင်ငံရဲ့ ပညာရေးအက်ဥပဒေ အရ ကလေးငယ် အများစုအနေနဲ့ ထိုင်းအစိုးရကျောင်းတွေမှာ တတ်ခွင့်ရကြပါတယ်။ တက်ခွင့်ရပေမယ့် တက်ရောက်နိုင်မှုအပိုင်းမှာတော့ မိဘများရဲ့ အလုပ်အကိုင်အခြေအနေတွေအပေါ်မှာ အများကြီးမူတည်နေ တာပေါ့လေ။

မေး- မိခင်သျှမ်းဘာသာစကားနဲ့ သျှမ်းစာပေသင်ကြားရေးကို စိတ်ဝင်စားမိတယ်။ ဆရာတို့အနေနဲ့ရော ကျောင်းသားတွေအနေနဲ့ပါ မိခင်ဘာသာစကားနဲ့ စာပေကို သင်ကြားသင်ယူနေရတဲ့ အပိုင်းမှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိသလဲ?

ဖြေ- စိန်ခေါ်မှုတွေကတော့ အများကြီးရှိတာပေါ့။ စာသင်ဝိုင်းများမှာ ကျောင်းသားများအနေနဲ့ မိခင် သျှမ်းဘာသာစကားကို အသုံးပြုပြီး သင်ယူနိုင်သည့် ရာခိုင်နှုန်းဟာ အလွန်ပင်နည်းပါးနေတယ်ဆိုတာကို တွေ့ရလို့ပါ။ ဒါကလည်း ကလေးအများစုဟာ ထိုင်းနိုင်ငံအတွင်းမှာ မွေးဖွားခဲ့ရတာမျိုးအပြင် မိဘများနဲ့အတူ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်းနေထိုင်လာရတာကြောင့်လည်း ဖြစ်ပါတယ်။ သူတို့ စကားစပြော တတ်တာနဲ့ ထိုင်းဘာသာစကားကိုပဲ အများဆုံးပြောရတဲ့အခါ မိခင်သျှမ်းဘာသာစကားဘက်မှာ တော်တော် အားနည်းသွားကြတာပေါ့။ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းကတော့ သူတို့ရဲ့ ဘိုးဘွားများ လက်ထက်ကတည်းက သျှမ်းပြည်တွင်းမှာ ကာလရှည်ဖြစ်ပွားနေတဲ့ စစ်ပွဲများနဲ့ စီးပွားရေးအကြပ်အတည်း များကို ကြုံတွေ့ကြရတဲ့အတွက် ထိုင်းနိုင်ငံဆီ ရွှေ့ပြောင်းလာကြရတာကြောင့် ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

ဒါကြောင့်ပဲ မိခင်သျှမ်းစာပေနှင့် သျှမ်းဘာသာစကားအပေါ် စိတ်ဝင်တစားနဲ့ ပြန်လည်သင်ယူလာအောင် အများကြီး အားစိုက်ပြီးတော့ သင်ကြားပေးရတဲ့ အခြေအနေမျိုး ဖြစ်နေတာပေါ့ဗျာ။

မေး- ဆရာ၊ ဆရာမများရဲ့ သင်ကြားရေးအပိုင်းမှာရော ဘယ်လိုအခြေအနေရှိသလဲ? သင်ကြားရေးမှာ ဘယ်လို စီမံခန့်ခွဲမှုနဲ့ သင်ကြားပေးနေသလဲဆိုတာကိုရော ပြောပြပေးနိုင်မလား?

ဖြေ- ဟုတ်ကဲ့။ ပြောပြနိုင်ပါတယ်။ သင်ကြားရေးဆိုင်ရာ စီမံခန့်ခွဲမှုအရ စာသင်ဝိုင်းတစ်ခုမှာ သျှမ်းစာနဲ့ အင်္ဂလိပ်စာကို ရက်ခွဲပြီး အလှည့်ကျ သင်ကြားပေးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရာအကန့်သတ်နဲ့ လာရောက်သင်ကြားပေးနေတဲ့ volunteersဆရာ၊ ဆရာမများရဲ့ အားလပ်ချိန်ကို ချိန်ကိုက်ပြီး စီမံပေးရလို့ ဖြစ်ပါတယ်။ စာသင်ဝိုင်းတစ်ဝိုင်းအတွက် တစ်ညမှာ အနည်းဆုံး volunteersဆရာ၊ ဆရာမ တစ်ဦးကနေ နှစ်ဦ်း အထိတော့ ရှိအောင်ကြိုးစားနေပါတယ်။ ဒါ့အပြင် အဖွဲ့အစည်းအနေနဲ့ စာသင်ဝိုင်းများမှာ လာရောက်သင်ကြား ပေးတဲ့ volunteers ဆရာ၊ ဆရာမ များအတွက် သင်ကြားရေးဆိုင်ရာသင်တန်းများနဲ့ အခြားသင်တန်းများ ကိုလည်း ပြုလုပ်ပေးနေပါတယ်။ volunteers ဆရာ၊ ဆရာမများကတော့ အများအားဖြင့် ချင်းမိုင်မြို့မှာ တက္ကသိုလ်တတ်နေကြတဲ့ ကျောင်းသူကျောင်းသားများနဲ့ အလုပ်လုပ်ကိုင်ရင်းနဲ့ ကိုယ်ရဲ့အားလပ်ချိန်တွေမှာ ကလေးများအတွက် လာရောက်သင်ကြားပေးကြတဲ့ ပညာတတ်အလုပ်သမားများ ဖြစ်ကြပါတယ်။ တစ်ခါ တစ်လေမှာတော့ တစ်ခြားနိုင်ငံမှ လာရောက်ကြတဲ့ နိုင်ငံခြားသား volunteers ဆရာ၊ ဆရာမများလည်း ရှိတတ်ပါတယ်။

မေး- နောက်ဆုံးအနေနဲ့ ဆရာ့အတွက် စိန်ခေါ်မှုများနှင့် အဓိကလိုအပ်ချက်တွေက ဘာဖြစ်မလဲ ဆိုတာကို ပြောပြပေးပါလား?

ဖြေ- ကျွန်တော် အနေနဲ့ တစ်ဘက်မှာ ကျောင်းတတ်ပြီး အခြားတစ်ဘက်မှာ သင်ကြးရေးဆိုင်ရာ volunteer တစ်ယောက်အနေနဲ့ ပါဝင်သင်ကြားပေးနေရတော့ အချိန်စီမံခန့်ခွဲရတဲ့အပိုင်းမှာ စိန်ခေါ်မှုရှိတာပေါ့လေ။ ဒါပေ မယ့် ကလေးတွေအနေနဲ့ ကိုယ့်မိခင်သျှမ်းဘာသာစကားအပေါ် ပြောဆိုသုံးနှုန်းတတ်၊ ရေးတတ်၊ ဖတ်တတ်ပြီး ငါတို့ဟာ ထိုင်းနိုင်ငံဆီကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေထိုင်ကြရတဲ့ သျှမ်းလူမျိုးတွေ ဖြစ်ပါလားဆိုတာကို နားလည်သိမြင်ကြလျှင်ပဲ သည်စိန်ခေါ်မှုအပေါ် အားပြန်ဖြစ်မိပါတယ်။ သို့သော် ကလေးများနဲ့ ၎င်းတို့ရဲ့ မိဘ များဘက်က ကြည့်လျှင်တော့ သူတို့တွေ့ကြုံခံစားကြရတဲ့ အခက်အခဲများနဲ့ ရှင်သန်ရပ်တည်ကြရတဲ့ ဘဝများ ကိုကြည့်ပြီး သူတို့ရဲ့ မိခင်သျှမ်းဘာသာစကား ပြောဆိုသုံးနှုန်းနိုင်မှု အားနည်းနေတာကို ကိုယ်ချင်းစာပေးနိုင် ပါတယ်။

စာသင်ဝိုင်းတွေရဲ့ အဓိကစိန်ခေါ်မှုနဲ့ လိုအပ်ချက်ကတော့ သင်ကြားရေးနေရာ အကန့်အသတ်တွေ ရှိ နေတာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးများအနေနဲ့ Campထဲမှာပဲ နေထိုင်ကြရသလို စာသင် ဝိုင်းကိုလည်း နေထိုင်တဲ့ campထဲက အဆင်ပြေလောက်မယ့််နေရာ‌မှာပဲ ဖြစ်သလို ထားရှိရတာကြောင့် ဖြစ်ပါ တယ်။ ဒါပေမယ့်် စာသင်ဝိုင်းတွေကို campအပြင်ဘက်က သင်ကြားရေးတွက် အဆင်ပြေသောနေရာတွေမှာ ဖွင့်ဖို့ကလည်း အဆင်မပြေပြန်ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြတာကတစ်ပိုင်း၊ ကလေးမိဘများသည်လည်း စားဝတ်နေရေးအတွက် မနက်မိုးလင်းချိန်မှာ လုပ်ငန်းခွင်ထဲ စောစောသွားကြ ရသလို မိုးချုပ်ချိန်လောက်မှ campထဲပြန်ရောက်ကြရတော့ ကလေးများကို Campအပြင်ထွက်ပြီး စာသင်ယူ ခိုင်းဖို့က ဘယ်လိုမှ မလွယ်ကူလို့ပါ။

နောက်အခက်အခဲကတော့ ရွှေ့ပြောင်းလုပ်သားများဖြစ်တဲ့ ကျောင်းသားမိဘများရဲ့ ဥပဒေအရ တရားဝင် အလုပ်သမားဖြစ်မှုအပိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သင်ကြားရေးအပိုင်းကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပေါ် ပေါ်ထင်ထင် သင်ကြားချင်ပေမယ့်် တစ်ချို့သော ကလေးတွေရဲ့ မိဘများဟာ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ် လုပ်ကိုင်ဖို့ စာရွက်စာတမ်း မပြည့်စုံမှုတွေ ရှိကြပါတယ်။ ဒါကြောင့် တစ်ချို့လတွေမှာ ထိုင်းအစိုးရဘက်က အစစ်အဆေးတင်းကြပ်တဲ့အခါ စာသင်ဝိုင်းများကို ပိတ်ထားလိုက်ရတာလည်း ရှိပါတယ်။ ဒါမျိုးတွေ ဖြစ်လျှင် တော့ ကလေးတွေရဲ့ ပညာရေးအတွက် စိတ်မကောင်းဖြစ်ရတာပေါ့ဗျာ။

မေး- ဆရာစာသင်ကြားပေးနေတဲ့ ကလေးတွေနဲ့ သည်စာသင်ဝိုင်းတွေအပေါ် ဆရာ့အနေနဲ့ ဘယ်လိုဖြစ်စေ ချင်သလဲ? ဘယ်လိုမျှော်လင့်ချက်ရှိသလဲ? ဆရာဖြည့်စွက်ပြောစရာရှိတာတွေ ဖြည့်ပြောပေးပါဦး။

ဖြေ- ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်စာသင်ကြားပေးနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးတွေဖြစ် စေ၊ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အခြားကလေးများဖြစ်စေ ပညာသင်ယူချိန်မှာ စိတ်ဒဏ်ရာတွေမရှိဘဲ အေး အေးဆေးဆေး ပညာသင်ကြားခွင့် ရရှိစေချင်ပါတယ်။ ကလေးဆိုတာ နောင်တချိန်မှာ ကိုယ့်လူမျိုးအနာဂတ် အတွက် အကျိုးပြုနိုင်ကြသလို၊ ရောက်ရှိရှင်သန်ရာ နေရာအတွက်လည်း ကောင်းကျိုးပြုနိုင်သူတွေ ဖြစ်လာနိုင် တယ်မဟုတ်လား။ အနာဂတ်မှာ ကောင်းကျိုးပြုသူတွေ ဖြစ်လာစေချင်လျှင်တော့ ကလေးဘဝမှာကတည်းက ကောင်းကောင်းပျိုးထောင်ပေးဖို့ လိုတာပေါ့နော်။ အများအားဖြင့် ထိုင်းနိုင်ငံမှာဆိုလျှင် သျှမ်းလူငယ်တွေ ဆိုး ကြတာနဲ့ ပတ်သက်ပြီး သတင်းတွေထဲမှာ ပါလာတယ်ဆိုလျှင် ပထမဆုံး ပြောမိကြတာက သျှမ်းတွေဆိုးတယ်၊ သူတို့နေရပ် ဆီ ပြန်ပို့ပေးလိုက်ကြ၊ စစ်သားပြန်သွားလုပ်ပါလား စသဖြင့် ဆိုတဲ့စကားတွေဖြစ်ပါတယ်။ ဒါပေ မယ့် သည်ကလေးတွေ ဘာကြောင့် ဆိုးလာကြသလဲ? သူတို့ရဲ့ ငယ်ဘဝမှာ ပညာသင်ယူခဲ့ရမှုနဲ့ ဖြတ်သန်းလာ ရတဲ့ ဘဝအခြေအနေက ဘယ်လိုလဲဆိုတာကိုတော့ အများစုက စိတ်မဝင်စားကြပါဘူး။ ဝမ်းနည်းစရာပေါ့။

သည်အတွက်လည်း ထိုင်းနိုင်ငံအတွင်းက သက်ဆိုင်ရာ သျှမ်းအကြီးအကဲများဘက်ကနေ အကူအညီပေးမှု တွေနဲ့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းပေးမှုတွေ လိုအပ်တာပေါ့နော်။ ဒါ့အပြင် ညစာသင် ဝိုင်းတွေမှာ ကလေးများ အတွက် ပညာရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေ၊ စာအုပ်, ခဲတံ, ဖောင်တိန်, ပေတံ စတဲ့ ကူညီထောက်ပံ့မှု တွေနဲ့ ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရ ထောက်ပံ့နိုင်မှုမျိုးတွေ ရှိလာဖို့ အတွက်လည်း မျှော်လင့်မိပါ တယ်။ အထူးသဖြင့် ကလေးများအတွက် ပညာသင်ယူချိန်မှာ ဘေးကင်းလုံခြုံမှု ရှိဖို့၊ စိတ်ဒဏ်ရာတွေမရှိပဲ ကောင်းစွာကြီးပြင်းလာနိုင်ဖို့နှင့် သူတို့အတွက် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ၊ စိတ်ဓာတ်ခွန်အား ပေးမှုတွေ လိုအပ်ပါတယ်လို့ပဲ ဖြေကြားပါရစေ။

မေး- အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ဆရာ့အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဖြေ- ဟုတ်ကဲ့။ ကျွန်တော်လည်း အခုလို ဖြေကြားခွင့်ရလို့ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။