အနုပညာရှင်တွေနဲ့ နာမည်ကျော်ကြားသူတွေရဲ့ သားသမီးတွေကို စစ်မှုထမ်းခေါ်ဖို့ ရှိ/မရှိ လွှတ်တော်မှာ မေးမြန်းခဲ့မှုအပေါ် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ကင်းလွတ်ခွင့်ရသူ မဟုတ်ရင် မည်သူ့ကိုမဆို ဥပဒေအတိုင်း စစ်မှုထမ်းဖို့ ခေါ်ဆိုသွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားလိုက်ပါတယ်။
ယမန်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဗိုလ်တထောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက် ရဲ့ မေးမြန်းမှုကို ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့် က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံသားတိုင်းဟာ ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ စစ်ပညာသင်ကြားဖိုနဲ့ နိုင်ငံတော် ကာကွယ်ဖို့အတွက် စစ်မှုထမ်းရန် တာဝန်ရှိပြီး ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသားဦးရေ ၆ ဒသမ ၂ သန်း ဝန်းကျင် ရှိတယ်လို့ဆိုပါတယ်။
လက်ရှိမှာ စစ်မှုထမ်းဥပဒေ ကျင့်သုံးပြီးနောက်ပိုင်း လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက လစဉ် လူသစ်စုဆောင်းပေးရတာနဲ့ စစ်မှုထမ်းကြေး ကောက်ခံလျက် ရှိသလို လူစားထိုးဖို့အတွက် ငွေကြေးအများအပြား ပေးဆောင်နေရတာတွေ ရှိနေတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။
စစ်မှုထမ်း စုဆောင်းမှုအတွင်းမှာ စစ်ဘက် အရာရှိကြီးတွေရဲ့ သားသမီးတွေ၊ နာမည်ကျော် အနုပညာရှင်နဲ့ ၎င်းတို့ရဲ့ သားသမီးတွေဟာ စစ်မှုထမ်းစာရင်းထဲမှာ ပါဝင်လာတာ မရှိသေးဘဲ မကြာသေးမီက ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ သရုပ်ဆောင် နေအောင် အပါအဝင် အနုပညာရှင် အချို့က စစ်မှုထမ်းခြင်းဟာ ဂုဏ်ယူစရာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတာကြောင့် ပြည်သူတွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဥ် (၂၈)ထိ ရောက်ရှိလာပြီး ပေါ်တာဆွဲ ဖမ်းဆီးတာတွေလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။