သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တရုတ်ဘီယာများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံသားတစ်ဦးကို စစ်ကောင်စီကဖမ်းဆီးရမိကြောင်း သိရသည်။
လားရှိုးမြို့အဝင် မယ်ဟန် စစ်ဆေးရေးဂိတ်သို့ ဇွန်လ ၅ ရက်နေ့က တရုတ်နိုင်ငံထုတ်ဘီယာများ တင်ဆောင်လာသည့် တရုတ်နိုင်ငံသုံး နံပါတ်ပြား တပ်ဆင်ထားသော ( ၂၂ )ဘီး တွဲကားယာဥ်တစ်စီး မောင်းနှင်လာသူ တရုတ်နိုင်ငံသား ကို စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်သည်။
ယာဥ်ကို တားဆီးစစ်ဆေးရာ ယာဥ်ပေါ်မှ တရုတ်နိုင်ငံထုတ် Dan Niya တံဆိပ် ဘီယာ တစ်ဖာလျှင်(၂၄)လုံးပါ ဖာ(၃၈၅၀)ဖာ တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရပြီး ယာဥ်မောင်းမှာ တရုတ်နိုင်ငံသားကဒ် ၊ တရုတ်နိုင်ငံ ယာဥ်မောင်းလိုင်စင် ကိုင်ဆောင်ထားသည့် ကျုံးယင်လုံး ဖြစ်ကြောင်းသိရသည်။
အဆိုပါယာဥ်သည် ကိုကန့်တပ် MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော်၊ ကွမ်းလုံ ၊ သိန္နီ ၊ လားရှိုး မြို့ရှောင်လမ်းအတိုင်း မောင်းနှင်ဝင်ရောက်လာပြီး မယ်ဟန်ကျေးရွာရှိ ဂိုဒေါင်တစ်ခုဆီသို့ ပို့ဆောင်ရာ မြို့ရှောင်လမ်းဆုံအရောက်တွင် လမ်းမှား၍ လားရှိုးမြို့တွင်းသို့ သွားရာလမ်းအတိုင်း မောင်းနှင်လာစဥ်
မြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်အရောက်၌ တားဆီးစစ်ဆေးခံရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တရုတ်နိုင်ငံသုံး မော်တော်ယာဥ်ပေါ်တွင် တရုတ်နိုင်ငံထုတ် တရားမဝင် အကောက်ခွန်မဲ့ ဘီယာများ တင်ဆောင်မောင်းနှင်ပြီး တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ကျုံးယင်လုံ အား လားရှိုးမြို့မရဲစခန်းတွင် ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ – ၈ အရ လတ်တလော အမှုဖွင့် ဖမ်းဆီးထားပြီးစုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင်လည်း အဆိုပါ မယ်ဟန်စစ်ဆေးရေးဂိတ်နှင့် မလှမ်းမကမ်းတွင် တရားမဝင် အကောက်ခွန်မဲ့ အိမ်ဆောက်ပစ္စည်းများတင်ဆောင်လာသည်ဟုဆိုကာ ပြည်တွင်းလိုင်စင်ဖြင့် CANTER (၆)ဘီးယာဥ် (၂)စီးဖမ်းဆီးခံရသေးကြောင်းသိရသည်။
Photo -local