သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်၊ပင်လုံမြို့၊ ပင် လုံ- ကျောက်တန်း-တောင်ကြီးသွား ကားလမ်းတွင် မေလ ၂၁ ရက်၊ နေ့လယ် ၂ နာရီခန့်က ဘိန်းဖြူဘလောက်တုံးများအပါအဝင်ငွေကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်း ဆီး ရမိခဲ့ကြောင်း သိရသည်။
ပင်လုံမြို့၊ ပင်လုံ – ကျောက်တန်း – တောင်ကြီးသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရေးအဖွဲ့က စစ်ဆေးရှာဖွေစဉ် အမျိုးသား ၂ ဦးစီးနင်းလိုက်ပါလာသော TOYOTA FORTUNER အမျိုးအစား မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး ၂၇၂ တုံး၊ အလေးချိန် ၉၅.၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၈,၅၆၈ သိန်း)၊ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၀၀၅ ကီလို(ဒေသကာလတန် ဖိုးငွေကျပ် ၁၀၀.၆၅ သိန်း)၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် မြန်မာငွေကျပ် ၁၅ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
အဆိုပါမူးယစ်ဆေးဝါးများသယ်ဆောင်လာသူ အမျိုးသား ၂ ဦးကို ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။