သျှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ ယမန်နေ့ မေလ ၂၄ ရက် ညနေပိုင်းအချိန်က ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။
ရှော့တိုက်ဒုံးပေါက်ကွဲသံကို သီပေါမြို့ပေါ်က ကျယ်လောင်တဲ့အသံ ကြားရပြီး မြို့ပြင်နား ကျရောက် ပေါက်ကွဲတယ်လို့ သိရပါတယ်။
သီပေါပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “ ရှော့တိုက်ဒုံး အပစ်ခံရ၊ အားလုံးဘေးကင်းကြပါသည်” လို့ ရေးသားထားပါတယ်။
အခုရှော့တိုက်ဒုံးပစ်ခတ်မှုဟာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သွားတယ်ဆိုတာ ခုထိမသိရ သေးပါဘူး။
တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ယမန်နှစ် အောက်တိုဘာလအတွင်းက သီပေါမြို့ကို တအာင်းတပ် TNLA က စစ်တပ်ထံ ပြန်လည်လက်လွတ်ပေးခဲ့ရပြီး ယခုချိန်မှာတော့ စစ်တပ်က ပြန်လည်ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။
သီပေါ− လားရှိုးလမ်းပေါ်ရှိ ဒုဋ္ဌဝတီမြစ်ကူးတံတားရဲ့ မြို့ဖက်ခြမ်းကိုတော့ စစ်တပ်က ထိန်းချုပ်ထားပြီး တံတားရဲ့ တဘက်ခြမ်းကိုတော့ ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားကာ ယနေ့ချိန်ထိ နှစ်ဖက်တပ်က တံတားပိတ်ထားဆဲဖြစ်ပြီး ဒေသခံပြည်သူတွေအနေနဲ့ တံတားပြန်လည်ဖွင့်ပေးဖို့ မျှော်လင့်နေကြပါတယ်။
Photo – Internet