ဈေးကွက်အတွင်းမှာ တွေ့ရှိရတဲ့ ဆင်ပြောင်ကြီး တံဆိပ်၊ တောင်ကြာပန်းတံဆိပ် အပါအဝင်အမျိုးသားအားတိုးဆေး တိုင်းရင်းဆေးဝါး ၆ မျိုးဟာ ဓါတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက် တိုင်းဆေးရောနှောထားပြီး စံမညီ တိုင်းရင်းဆေးဝါးတွေဖြစ်လို့ သုံးစွဲဖို့မသင့်လျော်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညက ထုတ်ပြန်ပါတယ်။
သုံးစွဲရန်မသင့်တဲ့ တိုင်းရင်းဆေးတွေကတော့ဆင်ပြောင်ကြီး အမျိုးသားအကြောအားတိုးဆေးမှုန့်၊ နတ်စည်းစိမ် အမျိုးသားအားတိုးဆေးမှုန့် ၊ ဇော်ဂျီလက်စွဲ အကြောအားတိုးဆေးမှုန့်၊ တောင်ကြာပန်း အမျိုးသားအားတိုးဆေးမှုန့်၊ ဘီလူးငါးကောင် အမျိုးသားအားဆေးပြားနဲ့ Double X အမျိုးသားအားတိုးဆေးတောင့်တွေပဲ ဖြစ်ပါတယ်။
Double X အမှတ်တံကလွှဲပြီး ကျန်တဲ့အမှတ်တံဆိပ်တွေကတော့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နဲ့ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့် လိုင်စင်ရရှိထားေသာ် လည်း ဈေးကွက်မှာ တိုင်းရင်းဆေးဝါး မှတ်ပုံတင်စဉ်က ဖော်ပြထားတဲ့ ဆေးဖုံ၊ ဖော်စပ်နည်းနဲ့ အညီမဟုတ်ဘဲ ဖော်စပ်ထားတဲ့ တိုင်းရင်းဆေးဝါး (စံမညီတိုင်းရင်းဆေးဝါး)ဖြစ်တာ၊ အနောက်တိုင်းဆေးများ ရောနှောပါဝင်တာ၊ သတ်မှတ်ချက်(၁၀)ချက် ပြည့်စုံမှန်ကန်မှုမရှိတာ တွေ စစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Double X အမှတ်တံဆိပ် အမျိုးသားအားတိုးဆေးမှာတော့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နဲ့ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှုမရှိတဲ့အပြင် ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေး (Sildenafil) ရောနှောပါဝင်နေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုင်းရင်းဆေးဝါးတွေဟာ စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်တာကြောင့် အများပြည် သူများ သုံးစွဲရန်မသင့်လျော်ကြောင်း အသိပေးထားထုတ်ပြန်ထားပါတယ်။
တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေနဲ့ ဆေးဝါးရောင်းချတဲ့ ဆေးဆိုင်တွေဟာ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်းဆေးဝါးတွေ၊ ဆေးဝါးအတုတွေ၊ စံမညီ တိုင်းရင်းဆေးဝါးတွေ၊ အများပြည်သူ သုံးစွဲဖို့မသင့်ကြောင်း ကြေညာထားတဲ့ တိုင်းရင်းဆေးဝါးတွေ တင်သွင်းဖြန့်ဖြူးရောင်းချတာကို ကျင့်ဝတ်အရ လုံးဝ (လုံးဝ) မပြုလုပ်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးပါ ဥပဒေပုဒ်မ(၃၁)၊ (၃၂) အရ တရားစွဲဆိုအရေးယူမှာ ဖြစ်တယ်လို့ အာဏာသိမ်းအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားတယ်လို့ သိရှိရပါတယ်။