၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပဖို့ တစ်လကျော်သာ လိုတော့တဲ့အချိန်မှာ အမေရိကန် နိုင်ငံရှိ အိမ်ရှင်မြို့ကြီးများမှ ဟိုတယ်လုပ်ငန်းများဟာ မျှော်မှန်းထားတဲ့ စီးပွားရေးအကျိုးအမြတ်များ ရရှိနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိနေပါတယ်။
ဒါဟာ အမေရိကန် ဟိုတယ်နှင့် တည်းခိုနေထိုင်ရေးအသင်း(AHLA)ရဲ့ မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ အိမ်ရှင်မြို့ ၁၁ မြို့ရှိ ဟိုတယ်အများစုမှာ ပြိုင်ပွဲကာလအတွင်း တည်းခိုရန် အခန်းကြိုတင် မှာယူမှုနှုန်းမှာ မျှော်မှန်းထားတာထက် များစွာလျော့နည်းနေတယ်လို့ သိရပါတယ်။
အထူးသဖြင့် ဆန်ဖရန်စစ္စကို၊ ဆီယက်တဲလ်၊ ဖီလာဒဲလ်ဖီးယားနဲ့ ဘောစတွန်မြို့တွေမှာ ကြိုတင် ဘွတ်ကင်တင်မှုနှုန်း ပိုမိုလျှော့နည်းနေပြီး လော့စ်အိန်ဂျလိစ်၊ နယူးယောက်၊ ဟူစတန်နဲ့ ဒါးလက်စ်မြို့ တွေမှာလည်း အခန်းကြိုတင်မှာယူမှုနှုန်းမှာ မျှော်မှန်းချက်အောက် ရောက်ရှိနေပါတယ်။
ယခုလို စိန်ခေါ်မှုများဖြစ်ပေါ်ရခြင်းရဲ့ အဓိကအကြောင်းရင်းမှာ နိုင်ငံတကာမှ လာရောက်မယ့် သူတွေအတွက် ဗီဇာလျှောက်ထားမှုဆိုင်ရာ အတားအဆီးတွေ၊ ပထဝီနိုင်ငံရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ခရီးသွားလာရေးစရိတ် မြင့်မားနေမှုကြောင့် ဖြစ်တယ်လို့ လုပ်ငန်းရှင်များက သုံးသပ်ပြောဆို ထားပါတယ်။
FIFA အနေနဲ့ ပြိုင်ပွဲအစောပိုင်းကာလမှာ ဟိုတယ်အခန်းများကို အလုံးအရင်းဖြင့် ကြိုတင် ဘလော့ခ် (Block) ချိတ်ထားပြီးမှ ပြိုင်ပွဲနီးကပ်လာချိန်မှာ အများအပြား ပြန်လည်ဖျတ်သိမ်းလိုက်ခြင်းက ဟိုတယ်တွေရဲ့ ဈေးကွက်စီမံခန့်ခွဲမှုကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်လို့ AHLA က ဝေဖန် ထောက်ပြထားပါတယ်။
ကမ္ဘာ့ဖလားပွဲအတွက် လက်မှတ်ပေါင်း ၅ သန်းကျော် ရောင်းချပြီး ဖြစ်တာကြောင့် ပြိုင်ပွဲအပေါ် ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှုမှာ မကြုံစဖူး များပြားနေကြောင်းနဲ့ ဟိုတယ်အခန်းများ ပြန်လည် လွှတ်ပေးခြင်းမှာလည်း စာချုပ်ပါ သတ်မှတ်ချက်များအတိုင်းသာ ဖြစ်ကြောင်း FIFA ဘက်က ပြန်လည်ပြောကြားထားပါတယ်။
လက်ရှိအချိန်အထိ တရားဝင်လက်မှတ်များ ဆက်လက်ရောင်းချနေဆဲဖြစ်သော်လည်း ဈေးနှုန်း မြင့်မားတဲ့ လက်မှတ်အမျိုးအစားများသာ ကျန်ရှိနေတာက ပရိသတ်အချို့အတွက် လက်လှမ်းမီရန် ခက်ခဲနေစေတယ်လို့ ဝေဖန်မှုများလည်း ထွက်ပေါ်နေပါတယ်။
အမေရိကန်အစိုးရအနေနဲ့လည်း ကမ္ဘာ့ဖလားတက်ရောက်မယ့် နိုင်ငံခြားသားများအတွက် FIFA PASS စနစ် မိတ်ဆက်ပေးထားသော်လည်း အသုံးပြုမှုမှာ မျှော်မှန်းထားသလောက် မများပြားသေးဘဲ စုစုပေါင်း လူဦးရေ ၁၄,၀၀၀ ခန့်သာ အသုံးပြုထားကြောင်း သိရပါတယ်။
သို့သော်လည်း နိုင်ငံခြားသား ၅၅ သန်းမှာ ဗီဇာရှိနှင့်ပြီးဖြစ်ပြီး နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ခရီးသွား များမှာလည်း ဗီဇာကင်းလွတ်ခွင့် ရှိနေတာကြောင့် အမှန်ကတယ် လာရောက်မယ့်သူ အရေအတွက်မှာ ခန့်မှန်းတာထက် ပိုမိုများပြားနိုင်ခြေ ရှိနေဆဲ ဖြစ်ပါတယ်။
မည်သို့ဆိုစေကာမူ ဇွန်လ ၁၁ ရက်နေ့ မက္ကစီကိုစီးတီးမှာ စတင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် အိမ်ရှင်မြို့တွေရဲ့ စီးပွားရေးမျှော်လင့်ချက်များမှာ နိုင်ငံတကာမှ ခရီးသွားများ အမှန်တကယ် လာရောက်မှုနဲ့ များစွာသက်ဆိုင်နေပါတယ်။
AHLA အနေနဲ့ အမေရိကန်နှင့် FIFA တို့အား ခရီးသွားများအတွက် အဆင်ပြေချောမွေ့တဲ့ အတွေ့အကြုံတွေ ရရှိစေဖို့နဲ့ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချပေးဖို့ တိုက်တွန်းထားပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ ကျင်းပသွားမှာဖြစ်ကာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ တို့ အိမ်ရှင်သုံးနိုင်ငံနဲ့ ကျင်းပမယ့် ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း ၄၈ သင်းနဲ့ ပွဲပေါင်း ၁၀၄ ပွဲနဲ့ လက်ခံကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။