သျှမ်းပြည်တောင်ပိုင်း ၊ ဆီဆိုင်မြို့တွင် အွန်လိုင်းငွေကြေး လိမ်လည်သူ (ကျားဖြန့်) များက လက်ရှိ အကျဥ်းကျနေသူ များ၏ အချက်အလက်များ ရရှိထားပြီး မိသားစုများထံ ငွေကြေးလိမ်လည်နေကြောင်းဆီဆိုင် ဒေသခံများထံမှ သိရသည် ။
” အုပ်ချုပ်ရေးမှူးကတစ်ဆင့်အကြောင်းကြားလာတာ ၁၀ နှစ်ကျနေတဲ့ လူအထဲမှာ ၁ နှစ်ပဲနေရသေးတယ် ၉ နှစ်ကျန်တယ်ပေါ့ အဲ့ဒီအတွက်ကျန်တဲ့ ၉ နှစ်စာ လွတ်ချင်ရင် ငွေ ဘယ် လောက်ပေးပါဆိုပြီး မိသားစုဝင်တွေကို ဖုန်းဆက်ပြီး ငွေညစ်တာ၊ “ ဟု၄င်းကိစ္စကို သိရှိထားသူ ဆီဆိုင်မြို့ခံတစ်ဦးက
HsanLoiVoice သို့ ပြောသည် ။
ငွေကြေးလိမ်လည်သူများသည် ဆီဆိုင်မြို့သီရိရပ် ကွက်နှင့် အောင်သပြေ ရပ်ကွက်မှ အကျဥ်းကျနေသူများ ၏မိသားစုဝင်များကိုအုပ်ချုပ်ရေးမှူးကတစ်ဆင့် ဆက်သွယ်လာပြီး ၇ သိန်း၊၉ သိန်း တစ်ချို့ကို ၁၅ သိန်းအထိ ငွေကြေးလိမ်လည်တောင်းခံနေ
ကြောင်း သိရသည် ။
” လွတ်တဲ့ထဲပါမယ် ဒီတစ်ခါ လွတ်/ငြိမ်း ထဲပါချင်ရင် ဘယ် လောက်ပေးပါပေါ့ ၊ နိုင်ငံ ရေးအမှုနဲ့ ကျ နေတဲ့ လူကိုတော့ အကျဥ်းထောင်ထဲမှာ အစာ အိမ်ပေါက်လို့ဆေးရုံတင်ထားရတယ်တို့ ဘာရောဂါဖြစ်နေတာဆေးရုံပြရမယ်တို့ ငွေ ဘယ် လောက်လွဲလာပေးဆိုပြီး လိမ်တာ” ဟုသတင်းရင်းမြစ်ကပြောသည် ။
ယင်းသို့ လိမ်လည်ငွေတောင်းခံရသူ အများစုမှာ မူးယစ်ဆေး ဝါး အမှုဖြင့်အချုပ်ကျနေသည့် အကျဥ်းသားများဖြစ်ပြီး နိုင်ငံ ရေးအမှု ဖြင့်အကျဥ်းကျနေသူများကို လည်း ကျန်းမာရေး အကြောင်းပြကာ မိသားစုထံငွေကြေးလိမ်လည်တောင်းခံ နေကြောင်းသိရသည် ။
“ လွိုင်ကော်က က ၂ ယောက် ကတော့ ပိုက်ဆံလွဲပေးလိုက်တယ် လို့ သိရတယ် တစ်ချို့ကျတော့လဲ စခန်းကို သွားမေးတော့မှ မဟုတ်မှန်းသိလာတယ်အုပ်ချုပ်ရေးမှူးကလည်း သူ့ဆီဆက်လာတဲ့အတွက် သူကတစ်ဆင့်ပြန်ဆက်ပေးတာ ဆိုတော့ အငိုက်မိ သွားတဲ့သဘောပေါ့ ” ဟု ဆိုသည် ။
ယင်းကိစ္စနှင့်ပတ်သက်၍ တစ်ချို့သော မြို့ခံများက ရဲစခန်းနှင့် အချုပ်ခန်းအာဏာပိုင်များထံသွား ရောက်အတည်ပြုမေးမြန်းခဲ့ရာ အာဏာပိုင်များဖက်က ယင်းသို့တောင်းခံခြင်းမရှိကြောင်း အချုပ်ကျနေသူများလည်း ပုံမှန်အခြေအနေတွင် ရှိနေသည်ဟုအကြောင်း ပြန်ထားကြောင်းသိရသည် ။
“ ငွေလိမ်တောင်းနေတဲ့အုပ်စုက ဘယ်သူတွေဘာအမှုနဲ့ကျလဲ ၊ ဘယ်လောက်ကျလဲ ၊ ဘယ်လောက်ကျန်တယ်ကအစ သိနေတာဆိုတော့ အကျဥ်းထောင်က အချက်အလက်ပေါက်ကြားတာပဲဖြစ်ရမယ် ဒါမှမဟုတ် အကျဥ်းထောင်ထဲမှာ ကျားဖြန့် ရှိနေတာလဲ ဖြစ်နိုင်တယ်လို့တော့မြို့ကလူတွေ ယူဆကြတယ် ” ဟုသတင်းရင်းမြစ် ၏ပြောကြားချက်များအရ သိရှိရသည် ။