သျှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၂၆ ဦးနဲ့ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ ၁၄ ဦးကို အွန်လိုင်းလိမ်လည်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယမန်နေ့ ဧပြီလ ၂၉ ရက် ညနေပိုင်းက မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ ဖွေဟုန်းနယ်မြေရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်း ကစားမှု လုပ်ငန်းများလုပ်ကိုင်ခဲ့ပြီး တိမ်းရှောင်ပုန်းခိုနေတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။

၎င်းနဲ့အတူ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေဖြစ်တဲ့ ဖုန်းမျိုးစုံ ၂၄ လုံး၊ All in One ကွန်ပျူတာ ၁၉ လုံး၊ TP Link ၁ လုံး၊ Wifi စက် ၆ လုံးနဲ့အတူ တွေ့ရှိဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မူဆယ်မြို့အတွင်းမှာ တရားမဝင်ပြည်ပနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှာ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ထပ်မံစစ်ဆေးရာ နေအိမ်အတွင်းမှ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၂၆ ဦးကို ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး နောက်ကွယ်မှ ပါဝင်ပတ်သက်သူ တွေ ကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။