သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကိုးကန့်နယ်၏ နိုင်ငံရေးနောက်ခံသမိုင်း အခန်း(၁)၊ ပထမပိုင်း

ကိုးကန့်နယ်၏ နိုင်ငံရေးနောက်ခံသမိုင်း အခန်း(၁)၊ ပထမပိုင်း

Hsan Loi Editor
29/03/2026
Share:
 (ရိုးမအသံ၊ ဆောင်းပါး)
ကိုးကန့်နယ်ဟု ဆိုလျှင် ယေဘုယျအားဖြင့် သျှမ်းပြည်မြောက်ပိုင်းရှိ သံလွင်မြစ်ဝှမ်းဒေသ၏ အရှေ့ဘက် ခြမ်းရှိ ဒေသဟူ၍ သိရှိကြပါသည်။ ထို့အပြင် ကိုးကန့်နယ်သားများနှင့် ပတ်သက်လျှင် တရုတ်ဘာသာစကားနှင့် စာပေကို ပြောဆိုရေးသားကြသူများဟူ၍သာ သိမြင်ကြသည်။
နိုင်ငံရေး၊ စစ်ရေးကဏ္ဍနှင့် ပတ်သက်လျှင်လည်း အောလစ်ဖ်ယန်း၊ လော်စစ်ဟန်၊ ဖုန်ကြားရှင်၊ ကာကွယ်ရေးတပ်၊ နယ်ခြားစောင့်တပ် စသည်ဖြင့်သာ ပေါ့ပေါ့ပါးပါး သိရှိကြသည်။ သို့သော် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားသည့် စစ်အာဏာ သိမ်းမှုနောက်ပိုင်းတွင် ကျားဖြန့်လောင်းကစားကိစ္စများ အပါအဝင် ၁၀၂၇ စစ်ဆင်ရေးဟူ၍ ပေါ်ပေါက်လာသည့်အခါ ကိုးကန့်နယ်နှင့် ကိုးကန့်တပ်ဖွဲ့များသည် မြန်မာ့နိုင်ငံ‌ရေးနှင့် စစ်ရေးလေ့လာမှုကဏ္ဍတွင် ရှေ့တန်းက လေ့လာခြင်းခံရသည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်ဟု ဆိုနိုင်ပါသည်။
ဤတွင် လေ့လာသုံးသပ်သူတို့ အနေဖြင့် ကိုးကန့်နယ်သည် မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း ဆိုသည့်မေးခွန်းနှင့် ကိုးကန့်တပ်ဖွဲ့များသည် မည်ကဲ့သို့ ဆင့်ကဲပေါ်ထွက်လာရသနည်းဆိုသည့် မေးခွန်းတို့ကို အနီးစပ်ဆုံး အဖြေရှာနိုင်ရန် လိုအပ်မည်ဖြစ်ပါသည်။ မိမိအနေဖြင့် ဤလိုအပ်ချက်ကို တထောင့်တနေရာမှ ဖြည့်ဆည်းသည့်အနေဖြင့် လေ့လာတွေ့ရှိရသမျှကို သုံးသပ်တင်ပြလိုပါသည်။
ကိုးကန့်နယ်၏ နိုင်ငံရေးနောက်ခံသမိုင်းကို လေ့လာပါက အခန်း(၂)ခန်းခွဲ၍ လေ့လာမှသာ အနီးစပ်ဆုံး နားလည်သိမြင်နိုင်မည် ဖြစ်သည်။ ထို(၂)ခန်းမှာ-
၁။ AD ၁၆၄၉ ခုနှစ်မှ AD ၁၉၄၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေးနောက်ခံသမိုင်း နှင့်
၂။ အေဒီ၁၉၄၈ ခုနှစ်မှ အေဒီ ၁၉၆၂ ခုနှစ်အတွင်း ဖြစ်ပွားသည့် နိုင်ငံရေးနောက်ခံသမိုင်း တို့ ဖြစ်ပါသည်။
ဤအခန်း(၂)ခန်းကို လေ့လာနိုင်မှသာလျှင် ၁၉၆၂ ခုနှစ်မှ ယခု၂၀၂၆ အတွင်းကာလတွင် ဖြစ်ပွား သည့် နိုင်ငံရေး၊ စစ်ရေး အခြေအနေတို့ကို ဆက်စပ်နားလည်နိုင်မည်ဟု သုံးသပ်လိုပါသည်။
အခန်း(၁)ကို ဖြန့်ကျက်လေ့လာရာတွင် ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်နှင့် ဗြိတိသျှအစိုးရခေတ်တို့ တွင် ကိုးကန့်နယ်ဟု ခိုင်ခိုင်မာမာ ဖြစ်လာစေသည့် အခြေအနေများကို ခြုံငုံမိအောင် လေ့လာရန် လိုအပ်ပါသည်။ မိမိအနေဖြင့် ယခုဆောင်းပါးတွင် အခန်း(၁)ကို အပိုင်းများခွဲကာ အထူးပြု၍ လေ့လာတင်ပြသွားပါမည်။ ယခု ဖော်ပြမည့် ပထမပိုင်းတွင် ကိုးကန့်ဟူသော ဝေါဟာရကို မည်သူတို့က မည်ကဲ့သို့ ဖွင့်ဆိုပြကြသည် ဟူသော အချက်နှင့် နောက်ခံသမိုင်းနှင့် ပထဝီဝင်တည်နေရာအရ မည်သည့်ဖွင့်ဆိုချက်က နီးနီးစပ်စပ်မှန်ကန်သည်ကို ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
ကိုးကန့်ဟူသော ဝေါဟာရသည် သျှမ်းဘာသာ ၵဝ်ႈၵၢင်ႉ( Ko Kang> ကောင့်ကန့်)မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်ပါသည်။ J. George Scott ၏ GAZETTEER OF UPPER BURMA AND THE SHAN STATE, Part-II, Vol-I တွင်
“ Ko Kang used to be divided into nine kangs kins, or township,
whence its name (ko= nine, kanga- guard ).”
ဟူ၍ ဖော်ပြထားပါသည်။ ထို့အပြင် Sai Kham Mong ၏ KOKANG AND KACHIN IN THE SHAN STATE( 1945- 1960)တွင်
“ Kokang under Hsenwi was divided into nine kangs, kins or township which in Shan is “ Kau Kang”. Kau meaning nine in Shan
was transliterated into Burmese “Ko” also meaning nine
and Kang or Kanga, meaning guard.”
ဟူ၍ ဖော်ပြထားသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ကိုးကန့်ဟူသော ဝေါဟာရသည် သျှမ်းဘာသာ ကောင့်ကန့် မှ ဆင်းသက်လာသော ဝေါဟာရဖြစ်သည်။ သျှမ်းဝေါဟာရ “ကောင့်” သို့မဟုတ် ဗမာ့အသံထွက်ဖြင့် အနီးစပ်ဆုံး အသံဖြစ်သော “ကိုး”သည် (၉)ဂဏန်းဟု အဓိပ္ပာယ်ရပြီး “ကန့်” ဆိုသည်မှာ ကင်းတပ်နယ် သို့မဟုတ် နယ်စု ဟူ၍ အဓိပ္ပာယ်ရပါသည်။
ဆီလျော်အောင် ဘာသာပြန်ရလျှင် “နယ်စုကိုးနယ်” သို့မဟုတ် “ကင်းတပ်နယ်စု ကိုးနယ်”ဟု ပြန်ဆိုနိုင်ပါသည်။
သို့သော် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး ဗဟိုကော်မတီဌာနချုပ်က ထုတ်ဝေသည့် ပြည် ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးစံများစာအုပ်တွင်မူ ကိုးကန့်ဟူသော ဝေါဟာရနှင့် ပတ် သက်၍
“ ကိုးကန့်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ နှစ်မျိုးရသည်။
ပထမအဓိပ္ပာယ်မှာ ကိုး= စိမ်းလန်းသော ဒေသ၊ ကန့်= ရဲရင့်သူများ၊ ရဲရင့်သူများ နေထိုင်သော စိမ်းလန်းသည့်ဒေသ ဟူ၏။”
ဟူ၍လည်းကောင်း၊ “ ဒုတိယအဓိပ္ပာယ်မှာ ကောက်ကန့်ဖြစ်သည်။ ကောက်= ကိုး(၉)၊ ကန့်= အုပ်ချုပ်သူအကြီးအကဲ သူကြီး ဖြစ်သည်။
သူကြီးကိုးဦး အုပ်ချုပ်သော နယ်ကိုးနယ်ဟူ၏။” ဟူ၍လည်းကောင်း (၂)မျိုး ဖော်ပြထားသည်ကို တွေ့ရပါသည်။
Myint Myint Kyu ၏ Kokang: The Rise of the Chinese Minority the New Neo-Liberal State? ဟူသော သုတေသနစာအုပ်တွင် ကိုးကန့်ဟူသော ဝေါဟာရနှင့် ပတ်သက်၍ “Kokang (果敢) in classical Chinese, where ‘Ko’ (果)” means 果断 ‘decisive’ and ‘kang’ (敢)’ means 勇敢 ‘brave’. The Kokang people say that they are (果断勇敢的民族) ;decisive brave people’, which helps them get ahead in business and politics.”
ဟူ၍ ဖော်ပြထားသည်။ ဆိုလိုသည်မှာ ကိုးကန့်ဟူသော ‌ဝေါဟာရသည် ရှေးဟောင်းတရုတ်စာပေ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ “ရဲရင့်ပြတ်သားသောလူမျိုး”ဟူ၍ အဓိပ္ပာယ်ရသည် ဟူ၍ ဖြစ်ပါသည်။
ကိုးကန့်စော်ဘွားမျိုးရိုးမှဆင်းသက်လာသော Yang Li(Jackie Yang)ရေးသားသည့် THE HOUSE OF YANG: GUARDIANS AN UNKNOWN FRONTIER ကို ဘာသာပြန်ဆိုထားသည့် ခွန်လှိုင်း၏ “ကိုးကန့်သမိုင်းထဲက ယန်မျိုးနွယ်(မထင်မရှား နယ်စပ်ဒေသတစ်နေရာကို ကာကွယ်ခဲ့သူများ)” စာအုပ်တွင်မူ ကိုးကန့်ဟူသော ဝေါဟာရ ကို
“မူလနာမည် ‘ကိုကန်စန်း’(ကိုကန်တောင်)ဟာ တရုတ်ပြည်က ဆင်းသက်လာတဲ့ တောင်ကြောကို အခြေခံပြီး မှည့်ခေါ်ထားတဲ့ နာမည်ဖြစ်ပါတယ်။
‘စန်း’ဆိုတဲ့ တရုတ်စကားဟာ မြန်မာလို ‘တောင်’ ဖြစ်ပါတယ်။
အဲဒီ ‘စန်း’ ဆိုတဲ့ စကားလုံးကို ဖြုတ်ချလိုက်ပြီး ‘ကိုကန်’ကို ‘ကိုးကန့်’လို့ ပြောင်းလိုက်ပါတယ်။”
ဟူ၍ တွေ့ရှိရသည်။
ထို့အပြင် GABRIELLE PALUCH ရေးသားသည့် THE OPIUM QUEEN: THE UNTOLD STORY OF THE REBEL WHO RULED THE GOLDEN TRIANGLE ကို ဘာသာပြန်ဆိုသည့် နိုင်ဦး၏ “ ကိုးကန့်မင်းသမီး အောလစ်(ဖ်) ယန်”စာအုပ်တွင် ကိုးကန့်နယ်ရှိ ခဲပေါ့အမည်ရသည့် မူလဌာနေတိုင်းရင်းသားများ၏ ယုံကြည်ချက် အရ ၄င်းတို့၏ ဘိုးဘေးဘီဘင်များသည်
“ နတ်များဖန်ဆင်းသော ဗူးသီးအစေ့များမှ မွေးဖွားသောဘီလူးပေါက်လေး ကိုးကောင်ဖြစ်ကြောင်း ယုံကြည်ကြသည်”
ဟု ဖော်ပြထားသည်။ ဆိုလိုသည်မှာ ကိုးကန့်ဟူသည် ဘီလူးကိုးကောင်၏ နယ်မြေ ဟူ၍ ဖြစ်ပါသည်။
အထက်ဖော်ပြပါ ကိုးကန့်ဟူသော ဝေါရဟာနှင့် ပတ်သက်၍ အမျိုးမျိုးဖွင့်ဆိုရှင်းပြထားသော အချက်အ လက်များကို သုံးသပ်ကြည့်ရာတွင် “ဘီလူးကိုးကောင်၏ နယ်မြေ”ဟူသော အယူအဆသည် ဒဏ္ဍာရီဆန်လွန်းသည် ဟု ဆိုရပေမည်။
ထို့အတူ “ရဲရင့်ပြတ်သားသောလူမျိုး”ဟူ၍ ဖွင့်ဆိုချက်ကလည်း စစ်ရေး ထူးချွန်မှုကို အခြေခံ၍ ဂုဏ်မြင့်စေရန် အထူးပြုခေါ်ဝေါ်သကဲ့သို့ ဖြစ်နေပြန်သည်။ ဤဖွင့်ဆိုချက်မှာ သမိုင်းကြောင်း အထောက်အထား အရ ကိုးကန့်ဖြစ်လာစေသည့် မျိုးနွယ်စုခေါင်းဆောင်များသည် မန်ချူးမင်းဆက်၏ရန်ကို ကြောက်ရွံ့သဖြင့် ထွက် ပြေးတိမ်းရှောင်ခဲ့ကြရသည်ကို မျက်ကွယ်ပြုထား သကဲ့သို့ ဖြစ်နေသည်ဟု သုံးသပ်နိုင်ပါသည်။
Yang Li(Jackie Yang)၏ ကိုးကန့်ဟူသော ဝေါဟာရကို ဖွင့်ဆိုရာတွင် “ကိုကန်စန်း(ကိုကန်တောင်)”မှ ကိုးကန့်ဖြစ်လာသည်ဟူသော အယူအဆသည် ကိုးကန့်နယ်၏ ပထဝီဝင်အနေအထားကို အခြေခံ၍ ဖွင့်ဆိုခြင်း ဖြစ် သည်။ သူ၏ ဖွင့်ဆိုချက်အရဆိုပါက ကိုးကန့်ဟူသည် ကိုးကန့်တောင်ကြောတလျှောက်တွင် နေထိုင်ကြသော လူမျိုးဟု ဆိုရပေမည်။
ဤတွင် ကိုးကန့်ဖြစ်လာမည့် လူမျိုးတို့ မရောက်လာမီကပင် ထိုတောင်ကြောကို ကိုကန်စန်း ဟု ခေါ်ဆိုနေပြီလား (သို့မဟုတ်) ထိုလူမျိုးစုများ ရောက်လာပြီးမှသာ ကိုကန်စန်းဟု ခေါ်သလား ဟူသည့် မေးခွန်း နှစ်ရပ်၏ အဖြေကို စဉ်းစားရန် လိုအပ်ပါသည်။ Yang Li(Jackie Yang)၏ မှတ်တမ်းအရ ထိုလူမျိုးစုများသည် မင် တရုတ်အင်ပါယာခေတ်နှောင်းကာလတွင် မင်းမှုထမ်းဖြစ်ခဲ့သူ ယန်ကောင်းရွှယ်၏ ဦးဆောင်မှုနှင့်အတူ ပါလာကြ သူများဖြစ်ရာ ၄င်းတို့ ရောက်ပြီးမှ ဒေသအမည်ကို ကိုကန်စန်းဟူ၍ မှည့်ခေါ်မည် မဟုတ်ပါချေ။ ယန်မျိုးနွယ်က ဦးဆောင်လာသဖြင့် ခေါ်ချင်းခေါ်ရလျှင် ယန်စန်းဟူ၍သာ ဂုဏ်ပြုခေါ်ဆိုပါလိမ့်မည်။ သို့ဖြစ်လျှင် ထိုလူမျိုးများ မရောက်လာမီကပင် ထိုဒေသကို ကိုကန်စန်းဟု ခေါ်ဆိုနေခဲ့ကြဟန်တူသည် ဟူသောအချက်မှာ တွေးဆစရာ ဖြစ်လာပေသည်။
အဘယ့်ကြောင့်ဆိုသော် J. George Scott နှင့် Sai Kham Mong တို့၏ ဖွင့်ဆိုချက်ကို လေ့လာကြည့်ပါက ဤ ကိုးကန့်ဖြစ်လာမည့် လူမျိုးစုများ ရောက်မလာမီကပင် ကိုးကန့်သည် နယ်စုကိုးနယ် ပါဝင်သော အုပ်ချုပ်ရေး နယ်မြေတစ်ခု၏ အမည်အဖြစ် တည်ရှိနေခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။ နောက်ခံသမိုင်းအရ ဆိုလျှင် ထိုနယ်စု ကိုးနယ်ပါဝင်သော အုပ်ချုပ်ရေးနယ်မြေသည် Mong(မိူင်း- မြို့နယ်)ဟုခေါ်သော မြို့ရံပေါင်း (၃၉)မြို့ရှိသည့် သိန္နီ သျှမ်းပြည်တွင် ပါဝင်သော သံလွင်မြစ် အရှေ့ဘက်ကမ်းဒေသရှိ နယ်မြေဖြစ်ပါသည်။ ထိုနယ်မြေတွင် ပါဝင်သည့် နယ်စုကိုးနယ်ကို GAZETTEER OF UPPER BURMA AND THE SHAN STATE, Part-II, Vol-Iနှင့် KOKANG AND KACHIN IN THE SHAN STATE( 1945- 1960) တို့တွင်
၁။ Taw Nio
၂။ Yang Fang
၃။ Pang Song
၄။ Pang Yung
၅။ Ken Ngwe
၆။ Ken Fan
၇။ Ken Pwi
၈။ Mew Htai
၉။ Mong Hawn ဟူ၍ ဖော်ပြထားပါသည်။
ဤအချက်ကို ကြည့်ခြင်းဖြင့် ကိုးကန့်သည် လူမျိုးတစ်မျိုး၏ အမည်၊ တရုတ်ဘာသာ စကားမှ ဆင့်ကဲဖြစ်ပေါ်လာသောအမည် မဟုတ်ဘဲ သျှမ်းဘာသာဖြင့် နယ်စုကိုးခုကို ခေါ်ဝေါ်သော အမည်သာ ဖြစ် သည်ဟု သုံးသပ်နိုင်ပါသည်။ ဤသို့ဆိုလျှင် ကိုးကန့်လူမျိုးစုများ ဖြစ်လာမည့် ယန်မျိုးနွယ်က ဦးဆောင်လာသော မျိုးနွယ်များ မရောက်ခင်ကတည်းက အဆိုပါဒေသကို ကိုးကန့်နယ်ဟု ခေါ်ဆိုနေပြီဖြစ်၍ ၄င်းတို့ရောက်ရှိလာသော အခါ ထိုတောင်ကြောကိုပါ “ကိုကန်စန်း(ကိုကန်တောင်)”ဟု သျှမ်းဝေါဟာရ “ကိုးကန့်”နှင့် တရုတ်ဝေါဟာရ “စန်း” တို့ကို တွဲဖက်ကာ ဆက်လက် ခေါ်ဆိုကြသည်ဟု သုံးသပ်နိုင်ပါသေးသည်။
သိန္နီသျှမ်းပြည်သည် Mong Mao Long(မိူင်းမၢဝ်းလူင်> မိုင်းမောလုံ)သျှမ်းနိုင်ငံခေတ်ကတည်းက ထင်ရှား သည့် မြို့ပြနိုင်ငံ(City State)တစ်ခု ဖြစ်ခဲ့သည်ကို J. George Scott၏ GAZETTEER OF UPPER BURMA AND THE SHAN STATE, Part-I, Vol-I, Part- II, Vol-I နှင့် SAI AUNG TUN ရေးသားသည့် HISTORY OF THE SHAN STATE: FROM ITS ORIGINS TO 1962 တို့တွင် အခိုင်အမာတွေ့ရသည်။ ထို့အပြင် ဦးငြိမ်းမောင် ပြုစုသည့် ရှေး ဟောင်းမြန်မာကျောက်စာများ(ပဉ္စမတွဲ)ပါ “တက်နွယ်ကျောင်းကျောက်စာ”တွင် သိန္နီသျှမ်းပြည်နှင့် ပတ်သက်၍
“ကိုဝ်သိန်အသျှင် သိုဝ်ခင်ဖွာ၏ မြေရင်ဖြစ်သော မိုင်မော၊ မိုင်ညင်၊
သမုတ္တရာန ကုလာတိံမသာ ခြေကျင်ဝတ်၊ မိုင်ကာလေ၊ ကသည်၊ ကခြင်၊
မိုင်တိန်၊ မိုင်ပြင်၊ မိုင်တီ၊ မိုင်နာ၊ မိုင်မျည်၊ ခြအိုဝ်၊ မိုင်ညိုဝ်၊ မိုင်လိုဝ်၊ မိုင်သော်၊
မိုင်ယာ၊ မိုင်ခြိုင်၊ မိုင်ခုန်၊ မိုင်ယိုဝ်၊ မုန်ထုင်၊ မိုင်ခြေည်၊ မိုင်မေည် ဟူသော
ထီ နှစ်ဆယ်တစင်တိုဝ်ကိုဝ် အစိုဝ်ရဓသော၊ မောမင်ကြီ သိုဝ်ငံဖွာကိုဝ် ရတော်မူ၏”
ဟု ဖော်ပြထားရာ (၈)ပြည်ထောင်မြောက်ဖြစ်သော “မိုင်ပြင်”သည် သျှမ်းဘာသာအားဖြင့် Mong Pong (မိူင်းပွင်ႇ> မိုင်းပေါင်)ဟုခေါ်သော သိန္နီသျှမ်းပြည် ဖြစ်ပါသည်။ သျှမ်းတို့ခေါ်ဆိုသော မူလအမည် Mong Pong ကို မင်အင်ပါယာ ခေတ်တွင် တရုတ်နန်းတွင်းမှတ်တမ်းတွင် “မူပန်း(木邦)”ဟု မှတ်သားခေါ်ဆိုခဲ့သည်။ ထိုခေါ်ဆိုမှုကို မင်အင်ပါယာ ခေတ်၏ မင်းမှုထမ်းမျိုးရိုးမှ ဆင်းသက်လာသော ကိုးကန့်မျိုးနွယ်စုခေါင်းဆောင်များဖြစ်လာသည့် ယန်မျိုးရိုးတို့က ဆက်လက်ခေါ်ဆိုလာကြရာမှ လက်ရှိ MNDAA တပ်ဖွဲ့ကပါ ဆက်ခံခေါ်ဆိုသည်အထိ အမည် တွင်၍ ကျန်ရစ်နေပေတော့သည်။
သိန္နီသျှမ်းပြည်၏ အုပ်ချုပ်ရေးနယ်မြေများသည် Mong Mao Long(မိူင်းမၢဝ်းလူင်> မိုင်းမောလုံ)သျှမ်းနိုင်ငံ မှ ခွဲထွက်လာသည့် နောက်ပိုင်းကာလအထိ ကျယ်ပြန်စွာ ရှိနေသေးဟန်တူသည်။ တွင်းသင်းတိုက်ဝန်မဟာစည်သူ ဦးထွန်းညို ပြုစုသည့် တွင်းသင်းမဟာရာဇဝင်သစ်၊ (ညောင်ရမ်းဆက်) တတိယတွဲတွင် ညောင်ရမ်းခေတ်ဦးကာလ သိန္နီသျှမ်းပြည်၏ အကျယ်အဝန်းနှင့် အင်အားကို
“သုံးဆယ့်ကိုးလုံးမိုင်းကို အစိုးရသော သိန္နီစော်ဖွား”
ဟူ၍ ဖော်ပြထားချက်အရ သိန္နီသျှမ်းပြည်သည် ညောင်ရမ်းခေတ်ဦးကာလတွင်ပင် မြို့ရံပေါင်း သုံးဆယ့်ကိုးမြို့ ဖြင့် အင်အားကြီးသည့် မြို့ပြနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေသည်ကို တွေ့နိုင်ပါသည်။ အကျယ်အဝန်းအားဖြင့် ကြည့် မည်ဆိုလျှင်လည်း လက်ရှိသျှမ်းပြည်၏ မြောက်ပိုင်းရှိ မိုးမိတ်, သီပေါ သျှမ်းပြည်အစပ်မှသည် တောင်ပိုင်းရှိ မိုးနဲသျှမ်းပြည်အစပ်ရှိ ဒေသများ၊ သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ မိုင်းတိန်, ကိန်မသျှမ်းပြည်အစပ်နှင့် ရွှေလီမြစ်ဝှမ်း ရှိ မိုင်းမောသျှမ်းပြည်အစပ်အထိ သိန္နီသျှမ်းပြည်က ကျယ်ပြန့်စွာ အုပ်ချုပ်နေခဲ့သည်ကို Sai Kham Mong ၏ Selected Writings of Sai Kham Mong, Volume- I ပါ ဖော်ပြချက်များအရ သိရှိနိုင်ပါသည်။
ဤမှတ်တမ်းများအရ နယ်စု(၉)စုဖြင့် ဖွဲ့စည်းထားသော ကိုးကန့်နယ်သည် သိန္နီသျှမ်းပြည်၏ သံလွင်မြစ်ဝှမ်း အရှေ့ဘက်တွင်ရှိသော အုပ်ချုပ်ရေးနယ်မြေအဖြစ် လွန်ခဲ့သော နှစ်ပေါင်း(၇၀၀)လောက်ကတည်းက တည်ရှိပြီး ဖြစ်သည်ဟု သုံးသပ်နိုင်ပါ သည်။ အတိအကျ ဆိုရလျှင် ကိုးကန့်ဟူသော ဝေါဟာရသည် လူမျိုးတစ်မျိုး၏ အမည်၊ တရုတ်ဘာသာ စကားမှ ဆင့်ကဲဖြစ်ပေါ်လာသောအမည် မဟုတ်ဘဲ သျှမ်းဘာသာဖြင့် အုပ်ချုပ်ရေးဆိုင်ရာ နယ်စုကိုးခုကို ခေါ်ဝေါ်သော အမည်သာ ဖြစ်သည်ဟု အခိုင်အမာ သုံးသပ်နိုင်ပါသည်။
Maha SiLa Vilavong
(Maha SiLa Vilavong သည် သျှမ်းနိုင်ငံရေးသမိုင်းဆိုင်ရာ မှတ်တမ်းများကို ရေးသားလျက်ရှိသည့် သမိုင်းသုတေသီ တစ်ဦးဖြစ်ပါသည်။)
ကျမ်းကိုး-
1. ငြိမ်းမောင်၊ ဦး(သုတေသနလက်ထောက်)။ ရှေးဟောင်းမြန်မာကျောက်စာများ၊ ပဉ္စမတွဲ(သက္ကရာဇ် ၈၀၀မှ ၉၉၈)။ ရန်ကုန်၊ ရှေးဟောင်းသုတေသနဦးစီးဌာန။ ၁၉၈၇။
2. ခွန်လှိုင်း။ ကိုးကန့်သမိုင်းထဲက ယန်မျိုးနွယ်(မထင်မရှား နယ်စပ်ဒေသတစ်နေရာကို ကာကွယ်ခဲ့သူများ)။ (Yang Li(Jackie Yang) THE HOUSE OF YANG: GUARDIANS AN UNKNOWN FRONTIER)။ ရန်ကုန်၊ ယဉ်မျိုးစာပေ။ ၂၀၁၆။
3. နိုင်ဦး။ ကိုးကန့်မင်းသမီး အောလစ်(ဖ်)ယန်။(GABRIELLE PALUCH, THE OPIUM QUEEN: THE UNTOLD STORY OF THE REBEL WHO RULED THE GOLDEN TRIANGLE)။ ရန်ကုန်၊ ပါရီစာပေ၊ (ပထမအကြိမ်)။ ၂၀၂၃။
4. Myint Myint Kyu, The Rise of the Chinese Minority the New Neo-Liberal State?, 2016.
5. Sai Kham Mong, KOKANG AND KACHIN IN THE SHAN STATE( 1945- 1960), Bangkok: Institute of Asian Studies, Chulalongkorn University, 2025.
6. Sai Kham Mong, Selected Writings of Sai Kham Mong, Volume- I, Tri Awards Co., Ltd, 2023.
7. Sai Aung Tun, HISTORY OF THE SHAN STATE: FROM ITS ORIGINS TO 1962, SILKWORM BOOKS, 2009.
8. Scott. J. George, GAZETTEER OF UPPER BURMA AND THE SHAN STATE, Part- I, Vol- I, Superintendent, Government Printing Press, 1901.
9. Scott. J. George, GAZETTEER OF UPPER BURMA AND THE SHAN STATE, Part- II, Vol- I, Superintendent, Government Printing Press, 1901.