သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့ အကြား မတ်လ ၁၄ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲဟာ ယနေ့ မတ်လ ၁၅ ရက် မွန်းလွဲပိုင်းအထိ ဆက်လက်ပြင်းထန် ဖြစ်ပွားနေတယ်လို့ သျှမ်းမြောက်မြေပြင်စစ်ရေး သတင်းရင်းမြစ်ထံမှ သိရ ပါတယ်။
ယနေ့နံနက်ပိုင်းကစပြီး ကိုးကန့်တပ်က ကွတ်ခိုင်နဲ့ နမ့်ဖက်ကာဘက်က TNLA တပ်စခန်း နေရာ ၈ ခု ထက်မနည်းကို ဒရုန်းရာနဲ့ချီ အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
“ အခုမြို့ထဲ ဗျူဟာကုန်းနဲ့ ရဲစခန်းနားမှာ ပစ်နေကြတယ်၊ ဗျူဟာကုန်းဟောင်းထဲမှာ မိုးကုတ်ဘက်က လာတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေတော့ သူတို့အတွက် အရမ်းစိုးရတယ်၊ ဘယ်သူမှ အပြင်မထွက် ရဲကြဘူး၊ အိမ်ထဲမှာပဲ ကျင်းတူးပြီး ပုန်းနေကြရတယ်” ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက မွန်းလွဲပိုင်း အချိန်က ပြောပါတယ်။
ညနေပိုင်း ၄ နာရီခွဲဝန်းကျင်အချိန်က ကွတ်ခိုင်မြို့ပေါ်မှာ ဒရုန်းတွေနဲ့ ပစ်ချတိုက်ခိုက်နေပြီး ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းပြီး ၅ နာရီဝန်းကျင်အချိန်မှာတော့ ကွတ်ခိုင်မြို့တွင်းမှာ တိတ်ဆိတ်ငြိမ်သက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ယနေ့ နံနက်ပိုင်း တိုက်ပွဲများအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းအခြေစိုက်ထားတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်မှာ TNLA တပ်ဖွဲ့ဝင် ၄၇ ဦးကို MNDAA ဘက်မှ ဖမ်းဆီးသွားပြီး လက်နက် ၄၈ လက် နဲ့ ဖုန်းတွေလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
ကွတ်ခိုင်− နမ့်ခမ်း ပြည်ထောင်စုလမ်းမပေါ်ရှိ TNLA တပ်စခန်းတွေကို MNDAA က ထိုးစစ်ဆင် တိုက်ခိုက်နေပေမယ့် ခုခံစစ်နေရာကလွှဲလို့ ကျန်နေရာတွေကို TNLA ဘက်က ပစ်မိန့်မပေးထားဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
ညီနောင်မဟာမိတ်နှစ်ဖွဲ့ စစ်ရေးတင်မာမှုများ အရှိန်မြင့်တက်လာခြင်းကြောင့် ကြားဝင်စေ့စပ်ပေးရန် TNLA က တရုတ်အစိုးရထံ စာရေးသားပေးပို့ အကူအညီတောင်းခံထားပြီး တိုက်ပွဲများ ရပ်တန့်ရန် အတွက် ကွတ်ခိုင်မြို့ပေါ်ရှိ အချို့ရပ်ကွက်တွေနဲ့ နယ်မြေအချို့ကို MNDAA ထံ တရားဝင် လွှဲပြောင်း ပေးရန်အထိ TNLA ဘက်မှ ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။
လက်ရှိမှာ ကွတ်ခိုင်မြို့တွင်းက TNLA စခန်းအများအပြားကို MNDAA ဘက်မှ နေရာယူထားပြီလို့ သိရပြီး မြို့နဲ့ မနီးမဝေးနေရာမှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကွတ်ခိုင် ပြည်သူအချို့လည်း မြို့ကိုစွန့်ခွာပြီး တာမိုးညဲ၊ သိန္နီဘက်သို့ ထွက်ပြေး တိမ်းရှောင် နေကြတယ်လို့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။