နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ပြည်ပအမှီအခိုကင်းစွာနဲ့ ပြည်တွင်းအင်အားစုများကို အခြေခံကာ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ် ကြိုးပမ်းဖော်ဆောင်သွား မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားတာဖြစ်ပါတယ်။
ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဒေသတစ်ခု တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်ပြားအောင် အဲ့ဒီဒေသမှာရှိတဲ့ အကြမ်းဖက်သမားများကသာ ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုထားပြီး လမ်းတံတားများ ဖောက်ခွဲတာ၊ ပိတ်ဆို့တားဆီးတာ၊ ပြည်သူပိုင် အဆောက် အအုံတွေ မီးရှို့ဖျက်ဆီးတာ စတဲ့ လုပ်ရပ်တွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ပြီး ကုန်စည်စီးဆင်းမှု နှောင့်နှေး တာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြည်သူတွေနဲ့ လက်တွဲပြီး လက်နက်ကိုင်သောင်းကျန်းသူများရဲ့ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်မှုတွေကို စစ်တပ်က ထိန်းသိမ်း ကာကွယ်သွားမှာဖြစ်ပြီး ကမ္ဘာတည်ရှိနေသရွေ့ စစ်တပ်တည်ရှိနေမှာဖြစ်ပြီး စစ်တပ်ရှိနေသရွေ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲနေမယ်လို့ ဆိုပါတယ်။
စစ်တပ်အနေနဲ့ လွတ်လပ်ရေးရရှိပြီးချိန်မှ စတင်ပြီး ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းသောင်းကျန်းမှုတွေကို ယနေ့အချိန်အထိ ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့ကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ရာမှာ စစ်တပ်နဲ့အတူ တိုင်းရင်းသားလူမျိုးများအားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေနဲ့ NCA ပါ ဘုံသဘောတူညီချက်နဲ့အညီ ပူးပေါင်းပါဝင်ကြရန်လိုအပ်တယ်လို့ ဆိုထားပြီး ငြိမ်းချမ်းရေးအတွက် ရင်ကြားစေ့ ဆွေးနွေးအဖြေရှာဖို့ ငြိမ်းချမ်းရေးတံခါး အစဥ်အမြဲဖွင့်ထားကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ထပ်မံဖိတ်ခေါ်ထားပါတယ်။