ထိုင်းနိုင်ငံမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရေးသမားများ မဲလာပေးကြတာတွေ့ရပါတယ်။
ပြည်သူ့ပါတီခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ်လောင်း နတ်တာဖွန်း ကတော့ ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီ ၄၆ မိနစ်မှာ ဘန်ကောက်မြို့ ၊ တလင်ချန်ခရိုင်ရှိ မဲရုံအမှတ် ၃၂ မှာ မဲလာပေးခဲ့ပါတယ်။
သူမဲပေးပြီးနောက် သတင်းထောက်များနဲ့ တွေ့ဆုံစဉ် နတ်တာဖွန်း က သူ့မဲရုံမှာ လူစည်ကားမှုရှိတာကို တွေ့ရတဲ့အတွက် အားတက်မိကြောင်း၊ မဲလာပေးမှု ၇၀ ရာခိုင်နှုန်းထက် ကျော်လွန်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ညနေ ၅ နာရီမှာ မဲရုံများ ပိတ်မှာဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ မဲပေးရန် အချိန်မီ ရောက်ရှိလာကြဖို့ တိုက်တွန်းပြောကြားခဲ့ပြီး ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲ နှစ်ခုလုံးမှာ မဲပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံ၏ အနာဂတ်ကို ပုံဖော်နိုင်တဲ့ အာဏာသည် “နိုင်ငံသားတိုင်း၏ ဘောပင်အစွန်းတွင် ရှိနေသည်” လို့ ဆိုပါတယ်။
ဒီမိုကရက်ပါတီ ခေါင်းဆောင်လည်းဖြစ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ အဘိဆစ် ဝီဂျာဂျီဝ(Abhisit Vejjajiva) လည်း ဒီကနေ့ နံနက်ပိုင်းမှာ ဘန်ကောက်မြို့က စဝါဒီ ဝိတ္တယာကျောင်း (Sawasdee Wittaya School)က မဲရုံမှာ မဲပေးခဲ့တာတွေ့ရပါတယ်။

ယခင်ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ ပေထုန်တန် ရှင်ဝပ်ထရာလည်း ဒီကနေ့နံနက်ပိုင်းမှာ ဘန်ကောက်မြို့ ခမ်နာယောခရိုင်ရှိ မဲရုံအမှတ် ၁၅ မှာ သူမရဲ့ မိသားစုနဲ့အတူ မဲပေးခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၄ ခုနှစ်က စစ်အာဏာသိမ်းမှု ဦးဆောင်ခဲ့သူလည်းဖြစ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ ပရာယုတ် ချန်အိုချာ လည်း ဘန်ကောက်မြို့ ၊ ဖယာထိုင်းခရိုင်က မဲရုံအမှတ် ၁၁ မှာ ဒီကနေ့ နံနက်ပိုင်းက မဲပေးခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆန္ဒခံယူပွဲအတွက်လည်း မဲပေးခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က တရားဝင်ရလဒ် ကြေညာပေးရမှာဖြစ်ပြီး လွတ်တော်အစည်း အဝေးကိုတော့ သင်္ကြန်အပြီး ဧပြီလအတွင်းမှာ ကျင်းပဖို့ရှိနေပါတယ်။