သျှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ကျိုင်းလွန်းကျေးရွာ အုပ်စု၊ ဝမ်နမ့်မင်း ကျေးရွာအနီးမှာ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၃၃ ဦးကို ၎င်းတို့ရဲ့ လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က ယမန်နေ့ က ထုတ်ပြန်ထားပါတယ်။
သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ကာလိမြို့၊ ဝမ်နမ့်မင်းကျေးရွာရဲ့ တောင်ဘက်မီတာ ၅၀၀ ခန့်အကွာမှာ မသင်္ကာ ဖွယ်ရာ အဆောက်အအုံတွေကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ကျားဖြန့်လုပ်ငန်း လုပ်ဆောင်တဲ့နေရာ ဖြစ်တယ်လို့ တွေ့ရပြီး လုပ်ငန်းလုပ်ကိုင်နေကြသူတွေတော့ မတွေ့ရှိရဘဲ မိုးကာအလုပ်ရုံ ၃ လုံး၊ လူနေ လုံးချင်း ၂၃ လုံး၊ ရိက္ခာဂိုဒေါင် ၁ လုံး၊ သွပ်ကာ လူနေ ၂ထပ်ဆောင် ၂ လုံး၊ မိုးကာ လူနေအိပ်ဆောင် ၃ လုံးနဲ့ မီးစက်ကြီးတွေ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းအချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်ရာ ဝမ်နမ့်မင်းကျေးရွာရဲ့ အရှေ့ဘက် မီတာ ၃၀၀၀ ခန့်အကွာမှာ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၂၂၁ ဦးနဲ့ အတူ ကွန်ပျူတာ ၁၅ လုံး၊ LAPTOP ၆ လုံးနဲ့ STAR LINK ၂ လုံးတို့ကို ဖမ်းဆီးရမိပြီး မွန်းလွဲ ၁ နာရီခန့်မှာလည်း အဲ့အနီးအနားက အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၇ ဦးနဲ့အတူ ALL-IN-ONE ကွန်ပျူတာ ၈၀ လုံး ၊ STAR LINK ဗန်း ၁၁ လုံးနဲ့ မီးစက်ကြီး ၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက် မွန်းလွဲပိုင်းကလည်း ဝမ်နမ့်မင်းကျေးရွာရဲ့ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်မှာ နောက်ထပ် အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၅ ဦးက ထပ်မံတွေ့ရှိ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။