ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားသားကလေးတွေ၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံ တင် အထောက်အထား မရှိသူတွေနဲ့ ထိုင်းနိုင်ငံသား မဟုတ်သူတွေကို ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနက ၎င်းရဲ့ ကြီးကြပ်မှုအောက်ရှိ ကျောင်းများအားလုံးမှာ ၂၀၂၅ ပညာသင်နှစ်မှစပြီး ကျောင်းတက်ခွင့် ပြုလိုက်တယ်လို့ ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်က Royal Gazette မှာ ထုတ်ပြန်ကြေညာပြီး ပညာရေးဝန်ကြီး Narumon Pinyosinwat က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ယခင်ကရှိခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ ရက်စွဲပါ စည်းမျဉ်းကို ရုပ်သိမ်းပြီး လက်ရှိအခြေအနေတွေနဲ့ အစိုးရအဖွဲ့ရဲ့ ရေရှည်ဆုံးဖြတ်ချက်တွေကို ထင်ဟပ်စေရန် မူဝါဒအသစ် ချမှတ်လိုက်တာဖြစ်ပါတယ်။
ယခုအပြောင်းအလဲဟာ ထိုင်းနိုင်ငံအတွင်း နေထိုင်တဲ့ နိုင်ငံသားမဟုတ်တဲ့သူတွေအတွက် ပညာရေး အခွင့်အလမ်းများ တိုးချဲ့ရန် ၂၀၀၅ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ချမှတ်ခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကိုက်ညီတယ်လို့ ထုတ်ပြန်ထားပါတယ်။
မူဝါဒအသစ်ရဲ့ ရည်ရွယ်ချက်ဟာ ထိုင်းနိုင်ငံတွင်း နေထိုင်သူတိုင်း မည်သည့်ပညာရေးအဆင့်၊ မည်သည့်ကျောင်း အမျိုးအစားတွင်မဆို တစ်နိုင်ငံလုံးတွင် ပညာသင်ကြားနိုင်တယ်လို့ သိရပါတယ်။
ယခုလို လုပ်ဆောင်ပေးတာဟာ ထိုင်းရောက် ကလေးတွေအတွက် ပညာရေးအခွင့်အလမ်း ရရှိရုံသာမက ထိုင်းနိုင်ငံအပေါ် နားလည်ပြီး အပြုသဘောဆောင်တဲ့ သဘောထားအမြင်တွေ ဖြစ်ပေါ်စေပြီး ရေရှည်မှာ အမျိုးသားလုံခြုံရေးအတွက် အထောက်အကူပြုစေမယ်လို့ ဖော်ပြထားပါတယ်။
စည်းမျဉ်းသစ်များအရ ကျောင်းတွေမှာ မှတ်ပုံတင်အထောက်အထားမပြနိုင်တဲ့ ကျောင်းသား ကလေးငယ်တွေကိုလည်း ကျောင်းအပ်လက်ခံရမယ်လို့ ညွှန်ကြားထားပါတယ်။
ကျောင်းဝင်ခွင့် လျှောက်ထားတဲ့ တရားဝင်စာရွက်စာတမ်းမရှိတဲ့ ကျောင်းသားများအတွက် ကျောင်းများက “G” အက္ခရာနဲ့စတဲ့ ဂဏန်း ၁၃ လုံးပါ G Code စနစ်အောက်မှာ မှတ်ပုံတင်ပေးရမှာဖြစ်ပါတယ်။
ကျောင်းအုပ်ချုပ်သူတွေက သက်ဆိုင်ရာစာရွက်စာတမ်းများ စုဆောင်းနိုင်ရန် မိဘ(သို့မဟုတ်) အုပ်ထိန်း သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပြီး တရားဝင်အရပ်ဘက်မှတ်ပုံတင်ခြင်းနဲ့ ဂဏန်း ၁၃ လုံးပါ ID နံပါတ် လျှောက်ထားနိုင်ရေးအတွက် ခရိုင်(သို့မဟုတ်) ဒေသဆိုင်ရာမှတ်ပုံတင်ရုံးများနဲ့ ပူးပေါင်းဆောင် ရွက်ရန်လည်း ကျောင်းများကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောင်းသားတစ်ဦးရဲ့ တရားဝင် မှတ်ပုံတင် ပေးအပ်လို့မရပါက ၎င်းရဲ့ ပညာရေးပြီးဆုံးသည်အထိ G Code ကို ကျောင်းက ဆက်လက် သိမ်းဆည်းထားပေးရမှာဖြစ်ပါတယ်။
ယခုစည်းမျဉ်းဟာ ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးအဖွဲ့အစည်းများအားလုံးနဲ့ သက်ဆိုင်ပြီး ၂၀၂၅ ပညာသင်နှစ်မှစပြီး အကျိုးသက်ရောက်မယ်လို့ သိရပါတယ်။