လုံခြုံရေးတင်းကြပ်စွာ ကန့်သတ်ထားတဲ့ မဲရုံများသို့ ယနေ့ နံနက်ပိုင်းက ဆန္ဒမဲပေးသူ အနည်းငယ်သာ လာရောက်ခဲ့ကြပြီး နောက်ဆုံး ရွေးကောက်တင်မြှောက်ခံ အစိုးရကို ဖြုတ်ချကာ ပြည်တွင်းစစ် ဖြစ်ပွားစေခဲ့ပြီး ငါးနှစ်အကြာမှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပကာ ဒီမိုကရေစီသို့ ပြန်လည်ရောက်ရှိရေးအဖြစ် ကြွေးကြော်ခဲ့ပါတယ်။
ယခင် အရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ထောင်ချခံထားရဆဲ ဖြစ်ပြီး ၎င်းပါတီကို လည်း ဖျက်သိမ်းထားခဲ့တဲ့အတွက် ရွေးကောက်ပွဲမှာ ပါဝင်ခြင်း မရှိခဲ့ပါဘူး။
တစ်လကြာ အဆင့်ဆင့် ကျင်းပမယ့် စစ်ကော်မရှင် ရွေးကောက်ပွဲကို အနောက်နိုင်ငံ သံတမန်များနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပါတယ်။
လူဦးရေ သန်း ၅၀ ခန့်ရှိတဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာများမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပါဘူး။
စစ်တပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ၃ ပိုင်းခွဲပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲ၏ ပထမပိုင်းကို မနက် ၆ နာရီမှာ စတင်ခဲ့ပြီး ရန်ကုန်၊ မန္တလေးနဲ့ မြို့တော် နေပြည်တော်ရှိ မဲဆန္ဒနယ်များ ပါဝင်ပါတယ်။
“ရွေးကောက်ပွဲဟာ အလွန်အရေးကြီးပြီး နိုင်ငံအတွက် အကောင်းဆုံးကို ယူဆောင်လာမှာ ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်ရှိ မဲရုံတစ်ခုမှာ ပထမဆုံး မဲပေးသူ ဖြစ်တဲ့ ဦးဘိုစော က ပြောကြားခဲ့ပါတယ်။
“ပထမဦးစားပေး အရာကတော့ လုံခြုံပြီး ငြိမ်းချမ်းတဲ့ အခြေအနေကို ပြန်လည် တည်ဆောက်ဖို့ ဖြစ်ပါတယ်”လို့ သူက AFP သတင်းဌာနမှာ ပြောကြားခဲ့ပါတယ်။
ယခုတစ်ကြိမ် ရွေးကောက်ပွဲဟာ ဆူးလေဘုရားအနီး မြို့လယ်ခေါင်ရှိ မဲရုံတစ်ခုမှာ မဲလာပေးတဲ့သူထက် သတင်းထောက်များနဲ့ မဲရုံဝန်ထမ်းများက ပိုများနေတယ်လို့ သိရပြီး အာဏာသိမ်းမှုနောက်ပိုင်း ဒီမိုကရေစီအရေး ဆန္ဒပြပွဲများ ကြီးကြီးမားမား ဖြစ်ပွားခဲ့ရာ နေရာလည်း ဖြစ်ပါတယ်။
“ဒီရွေးကောက်ပွဲဟာ လုံးဝ လွတ်လပ်ပြီး တရားမျှတဖို့ မဖြစ်နိုင်ပါဘူး” လို့ စစ်တပ် လေကြောင်း တိုက်ခိုက်မှုမှာ ထွက်ပြေးနေရတဲ့သူတစ်ဦး က ပြောပါတယ်။
“ဒီစစ်တပ်က ကျမတို့ဘဝကို ဖျက်ဆီးထားတာပဲ။ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲကို ဘယ်လို ထောက်ခံနိုင်မှာလဲ”လို့ မန္တလေးတိုင်းဒေသကြီးရှိ ကျေးရွာတစ်ရွာမှ စစ်ရှောင်တစ်ဦးက AFP သတင်းဌာနမှာ ပြောကြားခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံကို စစ်တပ်ကပဲ အများစု အုပ်ချုပ်ခဲ့ပြီး အကောင်းမြင်မှုနှင့် ပြုပြင်ပြောင်းလဲရေး ပေါ်ပေါက်လာခဲ့တဲ့ အရပ်သားအစိုးရ အုပ်ချုပ်ခဲ့တာ ၁၀ နှစ်ကြာ ကာလ တစ်ခုသာ ရှိခဲ့ပါတယ်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၂၀၂၀ ရွေးကောက်ပွဲ မှာ စစ်တပ်ထောက်ခံ ပြိုင်ဘက်ပါတီများကို အပြတ် အသတ် အနိုင်ရခဲ့ပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က မဲမသမာမှု ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ပါတယ်။
“ဒီရွေးကောက်ပွဲကို ဘယ်လိုမှ အဓိပ္ပာယ်ရှိတယ်လို့ မယူဆဘူးလို့ ကျွန်တော် ထင်ပါတယ်” လို့ ကင်မ်အေရစ်ကလည်း ပြောကြားခဲ့ပါတယ်။
ဒုတိယပိုင်း မဲပေးခြင်းကို နှစ်ပတ်အကြာမှာ ကျင်းပမှာဖြစ်ပြီး တတိယပိုင်းကို ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမှာ ဖြစ်သော်လည်း စစ်တပ်က ရွေးကောက်ပွဲကို မြို့နယ် ၆၅ မြို့နယ်မှာ မကျင်းပနိုင်ဘူးလို့ အစောပိုင်းက ဝန်ခံထားပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတဲ့ လူ ၂၀၀ ကျော်ကိုလည်း တားမြစ်ထားတဲ့ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုထားပါတယ်။