တာချီလိတ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိတရားခံပြေး ၃ ဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သူ ၁ ဦးတို့အား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း CCDAC -Myanmar က ဒီဇင်ဘာ ၁၁ ရက်နေ့တွင်သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) သည် ထိုင်းနိုင်ငံအတွင်း မူးယစ်ပြစ်မှုများကျူးလွန်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် Mr. Phonchana Phongthong(ခ)Toon(ဖွန်းချနာဖုန်းထောင်း(ခ) သွန်း)၊ Mrs.Thanida Puangngern (ခ)Ning(ထနိဒါးဖုံးငင်း(ခ)နိန်း)နှင့် Mr. Wi Rat Taou Dom(ဝီလတ်ထောင်းဝုဒွမ်)တို့ ၃ ဦးအား ကူညီစုံစမ်း ဖော်ထုတ်ဖမ်းဆီးပေးပါရန်တောင်းဆိုမှု အရ မြန်မာအာဏာပိုင်များက ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါအလိုရှိ တရားခံပြေး ၃ ဦးအားစုံစမ်းဖော် ထုတ်ဖမ်းဆီး ခဲ့မှုအရ နိုဝင်ဘာ ၁၃ ရက်နေ့တွင် Mr. Phonchana Phongthong(ခ)Toon (ဖွန်းချနာဖုန်းထောင်း(ခ)သွန်း)၊ Mrs.Thanida Puangngern (ခ)Ning(ထနိဒါးဖုံးငင်း(ခ)နိန်း)တို့အား တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၌ လည်းကောင်း၊ နိုဝင်ဘာ ၁၄ရက်နေ့တွင် Mr. Wi Rat Taou Dom(ဝီလတ်ထောင်းဝုဒွမ်)အား မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာ၌ လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာ ၁၆ တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် တရားမဝင် ဝင်ရောက်နေထိုင်ခဲ့သူ ထိုင်းနိုင်ငံသား Mr. Chairit Phucharoen(ချရစ်ဖူချရွန်)တို့အားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ယင်းနောက် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား(၂)၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစီအစဉ်အရ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဘက်နိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်ကာ နယ်စပ်ဖြတ်ကျော်မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို အပြန်အလှန်ဖော်ထုတ်ဖမ်းဆီး လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းသိရသည်။