ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် တိုက်ပွဲများဖြစ်ပွားပြီး တင်းမာမှုတွေ ဆိုးရွားလာတဲ့အတွက် ကမ္ဘောဒီးယား အားကစားသမားအသင်းအားလုံး ၃၃ ကြိမ်မြောက် SEA Games ပြိုင်ပွဲကနေ နှုတ်ထွက်ရန် ကမ္ဘောဒီးယား အမျိုးသားအိုလံပစ် ကော်မတီ(NOCC) က ဒီကနေ့ မနက်မှာ ကြေညာခဲ့ပါတယ်။

ကမ္ဘောဒီးယား အားကစားသမားများကို ဧည့်ဝတ်ကျေပွန်ပေးတဲ့အတွက် ထိုင်းအားကစား အာဏာပိုင်များအား ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နှစ်နိုင်ငံ ပဋိပက္ခတွေကြောင့် အားကစားသမားများရဲ့ ဘေးကင်းလုံခြုံမှုကို စိုးရိမ်တဲ့အကြောင်းပြချက်ဖြင့် ပြိုင်ပွဲကနေ ဝမ်းနည်းစွာနဲ့ နှုတ်ထွက်ခဲ့တာလို့ဆိုပါတယ်။
ဒီဇင်ဘာ ၈ ရက်မှာ တကျော့ပြန်စတဲ့ တိုက်ပွဲများအတွင်း ကမ္ဘောဒီးယားဘက်မှ အရပ်သား ၇ ဦးနှင့် ထိုင်းစစ်သား ၃ ဦး သေဆုံးခဲ့ပြီး နယ်စပ်ဒေသများမှ လူ ၃၈၅,၀၀၀ ကျော် ရွှေ့ပြောင်း တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ယခုဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားဘက်က ထိုင်း၏ ကျူးကျော်ရေးဟု စွပ်စွဲပြောဆိုပြီး ထိုင်းဘက်က ကာကွယ်ရေး လုပ်ရပ်များဖြစ်တယ်လို့ ဆိုပါတယ်။