မြန်မာ−ထိုင်းနယ်စပ်မှာ ကျားဖြန့်အရေး တိုက်ပွဲပြင်းထန်နေချိန် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံခြားဝန်ကြီး Sihasak Phuangketkeow ဦးဆောင်တဲ့အဖွဲတို့က နေ့ချင်းပြန်ခရီးစဥ်နဲ့ ယမန်နေ့ နေ့လည်က နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို လာရောက်တွေ့ဆုံပါတယ်။
အဲ့ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အွန်လိုင်း လိမ်လည်မှုများ တိုက်ဖျက်ရန် ပူးပေါင်း တိုးမြင့်လုပ်ဆောင်သွားရန်နဲ့ မြဝတီ−မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ရန် စတာတွေ ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ပြောဆိုခဲ့ကြောင်း သိရပါတယ်။
စစ်ခေါင်းဆောင်ကတော့ နယ်စပ်ဒေသမှာ လက်နက်ခဲယမ်းများ တရားမဝင် ရောင်းချနေမှုများ၊ တရားမဝင် ကုန်သွယ်မှုများ မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ ရွေးကောက်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်တဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင် ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အခုလာမယ့် ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အွန်းလိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ညီလာခံသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်းနဲ့ ထိုင်းနိုင်ငံက ဆက်လက်ထောက်ခံသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။