ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်က မြန်မာ−ထိုင်းနယ်စပ် မြဝတီမြို့နယ်မှာ ဖြစ်ပွားတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်များအကြား တိုက်ပွဲကြောင့် လက်နက်ကြီးကျည်စဟာ ထိုင်းနိုင်ငံ၊ မဲဆောက် မြို့နယ်ထဲရှိ ကျေးရွာထဲသို့ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ Khaosod သတင်းက ဖော်ပြထားပါတယ်။

၆၀ မမ လို့ ယူဆရတဲ့ လက်နက်ကြီးကျည်ဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာမှ တစ်ကီလိုမီတာခန့်အကွာရှိ ဘန်မိုင်းမဲကွန်ကန်းရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ် ၄ လုံး ပျက်စီးကာ လျှပ်စစ်ဓါတ်အားလိုင်းများ ပြတ်တောက်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းတပ်ဖွဲ့များက သတိပေးတဲ့အနေနဲ့ မြန်မာဘက်ခြမ်းသို့ မီးခိုးဗုံးတစ်လုံး ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံထဲသို့ ထပ်မံကျရောက်မှု မရှိစေဖို့ တားဆီးပေးရန် ထိုင်းအာဏာပိုင်တွေက ထိုင်း−မြန်မာ ခရိုင်နယ်စပ်ကော်မတီမှ တဆင့် မြန်မာအာဏာပိုင်သို့ ဆက်သွယ်ပြီး တောင်းဆိုခဲ့ပါတယ်။
နယ်စပ်တိုက်ပွဲအတွင်းမှ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသား ၁၂၅ ဦး ကို မဲဆောက်မြို့ထဲမှာ ခိုလှုံခွင့်ပေးထားပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်လျက်ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။