ယမန်နေ့ နိုဝင်ဘာလ ၇ ရက်က နေပြည်တော် လေတပ်စခန်းမှာ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဥ် ၂ စင်းနဲ့ ရဟတ်ယာဥ် ၃ စင်း တပ်တော်ဝင် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး လတ်တလော နိုင်ငံတကာနဲ့ ပြည်တွင်း မှာ ဖြစ်ပွားနေတဲ့ အခြေအနေအရ လေယာဥ်/ရေယာဥ်များ၊ ဒရုန်းနဲ့ UAV အပါအဝင် လေကြောင်းစွမ်းအား မရှိမဖြစ်လိုအပ်လာကြောင်းနဲ့ နိုင်ငံအသီးသီးက လေတပ်ကို ခေတ်မီအဆင့်မြင့်စေရန်အတွက်ပါ လုပ်ဆောင် လာတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။

ယခုလို လေယာဉ်/ ရဟတ်ယာဉ်များ အသစ်ထပ်မံဖြည့်တင်းတာနဲ့ အဆင့်မြှင့်တင်တာတွေ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေခဲ့တဲ့အပြင် မြန်မာ့ဝေဟင်ပိုင်နက် စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Non-State Actor များဖြစ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့များနဲ့ ဝိသမစီးပွားရှာလိုတဲ့ အဖွဲ့အစည်းတွေလည်း လေကြောင်းအရင်းအမြစ်များ ပိုင်ဆိုင်အသုံးပြုလာနိုင်အောင် ကြိုးပမ်းနေတာ ကို လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ပြည်တွင်းပြည်ပအဖွဲ့အစည်းအချို့လည်း သူတို့လိုလား ချက်အတိုင်း မဟုတ်တဲ့အတွက် ရွေးကောက်ပွဲ ပျက်ပြားစေရန် နည်းလမ်းပေါင်းစုံ ဟန့်တားလုပ်ဆောင်ပြီး ၎င်းတို့ ခေတ္တစိုးမိုးထားတဲ့ နယ်မြေများ ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေး လမ်း၊ တံတားနဲ့ ပြည်သူနေအိမ်တွေကို သွေးရူးသွေးတန်း တိုက်ခိုက်ဖျက်ဆီး လုယုဆောင်ရွက်နေတဲ့တွက် ဟန့်တားချေမှုန်းရန် စစ်တပ်အနေနဲ့ ဆက် လက် ဆောင်ရွက်သွား မယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၁၅ နှစ်တာကာလအတွင်း စစ်တပ်ပိုင် လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင်တဲ့ အခမ်းအနားများကို ၁၅ ကြိမ် ကျင်းပခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။