ယခုတစ်ပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းဒေသတွင် တိုက်ခိုက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီ အကြွင်းအကျန်များကြောင့် နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၂ နေ့အထိ မြန်မာနိုင်ငံမှာ မိုးများဆက်လက် ရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင်က ခန့်မှန်းထားပါတယ်။
မုန်တိုင်းအကြွင်းအကျန်များဟာ နိုဝင်ဘာလ ၈ ရက် ညမှာ ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း တခ့်ခရိုင်မှ တဆင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ သျှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ရွေ့လျားရောက်ရှိလာကာ ၃ ရက်အတွင်း ၎င်းဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
သျှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ တပတ်အတွင်း မိုးရေချိန် ၂ လက်မအထက် ရွာသွန်းနိုင်တာ ကြောင့် ရိတ်သိမ်းပြီးနဲ့ ရိတ်သိမ်းဆဲ စပါးခင်းများ သတိထားကြဖို့ မိုးလေဝသပညာရှင် က သတိပေး ထားပါတယ်။