သျှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားမြို့မှာ ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်း ၁ သောင်းခန့်အား အောက်တိုဘာလ ၃၁ ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Mongla SR4 သတင်းပြန်ကြားရေးဌာနက ယနေ့မှာ ထုတ်ပြန်ထားပါတယ်။

Photo – SR4
အထူးဒေသ(၄) ရဲတပ်ဖွဲ့ဝင်များ၏ ကြပ်မတ်စောင့်ကြည့်မှုအောက်မှာ ဖမ်းဆီးရမိထားတဲ့ ကျားဖြန့် လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းတွေဖြစ်တဲ့ ဆဲလ်ဖုန်း၊ ကွန်ပျုတာ၊ Router စတဲ့ စက်ပစ္စည်း ၁ သောင်းခန့်ကို စက်ကြီးများနဲ့ နင်းချေဖျက်ဆီးပြီး မီးရှို့လိုက်တယ်လို့ ဖော်ပြထားပါတယ်။
Photo – SR4ယခုတကြိမ် စုပေါင်းဖျက်ဆီးလိုက်တဲ့ ပစ္စည်းခန့်မှန်းတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၁၀ သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ စက်ပစ္စည်းအားလုံးဟာ အထူးဒေသ(၄) ရဲတပ်ဖွဲ့က ကျားဖြန့်စခန်းများကို ဖမ်းဆီးရာမှ သိမ်းဆည်းရရှိခဲ့တာဖြစ်ပြီး ယခုလို ဖျက်ဆီးလိုက်ခြင်းသည် ကျားဖြန့်လုပ်ငန်း နှိမ်နင်းမှုဆိုင်ရာ အောင်မြင်မှု ရရှိကြောင်းကို သက်သေပြနေပြီး ဒေသအစိုးရအနေဖြင့် “ ကျားဖြန့်လုပ်ငန်းကို ပြင်းထန်စွာ နှိမ်နင်းသွားမည်” ဆိုတဲ့ ဆုံးဖြတ်ချက်အား ပြည်သူများထံ အသိပေး လိုက်ခြင်းပင်ဖြစ်တယ်လို့ ဆိုပါတယ်။

Photo – SR4
အထူးဒေသ(၄) သည် တရုတ်နိုင်ငံမှ တရားစီရင်ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကာ နယ်စပ်ဖြတ်ကျော်၍ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်မှု မြင့်တက်လာခြင်းကို ထိန်းချုပ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သလို နယ်မြေဖြတ်ကျော် တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုကို လေးနက်စွာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ၏ အခြေစိုက်စခန်းများကို အမြစ်ဖြတ်သုတ်သင်နိုင်အောင် မရပ်မနား ကြိုးပမ်းအားထုတ် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo – SR4