ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit သည် အောက်တိုဘာလ ၂၄ ရက် ည ၉း၂၁ နာရီအချိန်တွင် နတ်ရွာစံသွားခဲ့ကြောင်း တော်ဝင်အိမ်တော်ထိန်းရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မိဖုရားကြီး သီရိခေတ် အား ပြုစုစောင့်ရှောက်ပေးနေသော ဆေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ လ ၇ ရက်နေ့မှစပြီး သူမ၏ကျန်းမာရေးကို စောင့်ကြည့်ရန်အတွက် ထိုင်းကြက်ခြေနီအသင်း၊ ချူလာလောင်ကွန်းဆေးရုံတွင် တက်ရောက်ခွင့်ပြုရန် တောင်းဆိုခဲ့ပါတယ်။

ချူလာလောင်ကွန်းဆေးရုံ တက်ရောက်ကုသနေစဉ်တွင် မိဖုရားကြီး သီရိခေတ်သည် အကြိမ်ပေါင်းများစွာ ဖျားနာခဲ့ပြီး ဆေးအဖွဲ့သည် သူမ၏ ကျန်းမာရေးစနစ်တွင် မူမမှန်မှုအမျိုးမျိုးကို တွေ့ရှိခဲ့ပြီး စဉ်ဆက်မပြတ် ကုသမှုပေးခဲ့တယ်လို့သိရပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှစပြီးမိဖုရားကြီး သီရိခေတ်ဟာ သွေးပိုးဝင်ခြင်း ခံစားရပြီး အကောင်းဆုံးကြိုးပမ်းကုသနေ သော်လည်း သူမရဲ့အခြေအနေဟာ တဖြည်းဖြည်းဆိုးရွားလာခဲ့တာကြောင့် အောက်တိုဘာလ ၂၄ ရက် ည ၉:၂၁ နာရီတွင် ထိုင်းကြက်ခြေနီအသင်း၊ ချူလာလောင်ကွန်းဆေးရုံမှာ ငြိမ်းချမ်းစွာ နတ်ရွာစံသွားခဲ့တယ်လို့ သိရပါတယ်။
မိဖုရားကြီး သီရိခေတ် နတ်ရွာစံချိန်တွင် သက်တော် ၉၃ နှစ် ရှိနေပြီလို့ သိရပါတယ်။
ဘုရင်မင်းမြတ်ဟာ တော်ဝင်အစဉ်အလာနှင့်အညီ အမြင့်ဆုံးတော်ဝင်ဂုဏ်ထူးဖြင့် ဈာပနအခမ်းအနားကို စီမံခန့်ခွဲရန်နှင့် မိဖုရားကြီး၏ ရုပ်အလောင်းကို နန်းတော်ရှိ ဒူဆစ်မဟာပရဆတ်ပလ္လင်တော်တွင် ထားရှိရန် တော်ဝင်အိမ်တော်ထိန်းရုံးအား တော်ဝင်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
သူမကွယ်လွန်သည့်နေ့မှစ၍ တော်ဝင်မိသားစုဝင်များနှင့် နန်းတွင်းဝန်ထမ်းများအတွက် တစ်နှစ်ကြာ ဝမ်းနည်းကြေကွဲသည့်ကာလကို ဘုရင်မင်းမြတ်က သတ်မှတ်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။