စစ်ကော်မရှင်က ကျင်းပပြုလုပ်ရန်စီစဉ်နေသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ၁၀ နှစ်ပြည့်အခမ်းအနားပွဲကို မတက်ရန် NCA ကို ပါဝင်လက်မှတ်ရေးထိုး ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ဖြစ်တဲ့ KNU၊ ABSDF၊ CNF၊ NMSP၊ PNLO နဲ့ LDU တို့က ယနေ့မှာ ပူးတွဲသဘောထားထုတ်ပြန်ထားပါတယ်။
ပြည်သူလူထုကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်၊ လူငယ်တွေကို အဓမ္မစစ်မှုထမ်းစေခိုင်းခြင်း ပြုလုပ်နေတဲ့ စစ်အုပ်စု၏ ဟန်ပြလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းသည် စစ်အုပ်စုကို ထောက်ခံရာကျသည့် အတွက် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားပွဲသို့ မတက်ရောက်ခြင်းဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း ပြသကြရန် UN၊ ASEAN နှင့် နိုင်ငံတကာသံတမန်များအား NCA ကို ကိုယ်တိုင်လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့အစည်းများက တိုက်တွန်းထားပါတယ်။

NCA လုပ်ငန်းစဥ် အကောင်အထည် ဖော်စဥ်ကာလအတွင်း စစ်တပ်က လုပ်ငန်းစဉ် အားလုံးကို လွှမ်းမိုးထိန်းချုပ်ခြင်း၊ NCA သဘောတူညီချက်များကို အကောင်အထည် မဖော်နိုင်ရန် တားဆီးမှုများပြုလုပ်ခဲ့သလို စာချုပ်ပါ သဘောတူညီချက်များအား အကြိမ် ကြိမ် ချိုးဖောက်ခဲ့ခြင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်းချက်ဖြင့် စိတ်ရှည် သည်းခံခဲ့ပြီး နည်းလမ်းများရှာဖွေကာ ကြိုးစားခဲ့မှုကြောင့် သဘောတူညီချက် အချို့ရရှိအောင် ကြိုးပမ်းဆောင် ရွက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုသည် NCA ၏ အနှစ်သာရ၊ အခြေခံမူများနှင့် ရည်မှန်းချက်များကို ပြောင်ပြောင်တင်းတင်း ဖျတ်ဆီးလိုက်ပြီဖြစ်ပြီး NCA ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ အားလုံးလည်း ရပ်ဆိုင်းသွားကာ စက္ကူစုတ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။

NCA အမည်ခံပြီး ပြုလုပ်မည့် ဟန်ပြလုပ်ငန်းစဉ်များနှင့် စစ်အုပ်စုမှ ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည်လည်း စစ်အာဏာရှင်များက နိုင်ငံကို တသက်လုံး ထိန်းချုပ်နိုင်ရေး တရားဝင်မှုရှိရန် ကြိုးပမ်းနေခြင်းသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေး၏ လမ်းစဖြစ်သည့် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်မှုမရှိစေရန်၊ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရား မျှတမှုရရှိရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲ နိုင်ရန်အတွက် တော်လှန် တိုက်ပွဲဝင် နေကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူတကွ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်နိုင်သည်အထိ သံန္နိဌာန်ချ တစိုက်မတ်မတ် တိုက်ပွဲဝင်နေမည်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။