TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် ယမန်နေ့ အောက်တိုဘာလ ၁ ရက် ညနေပိုင်းအချိန်က စစ်ကော်မရှင်တပ်က ဝင်ရောက်နိုင်ပြီး မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်မဲမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့နောက် ကျောက်မဲ−နောင်ချို−ပြင်ဦးလွင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဒေသခံပြည်သူများနဲ့ မော်တော်ယာဥ်များ ပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်ဖို့ လိုအပ်တဲ့နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေတယ်လို့ စစ်ကော်မ ရှင်ရဲ့ နေ့စဥ်ထုတ် သတင်းစာမှာ ရေးသားထုတ်ပြန်ထားပါတယ်။

TNLA နဲ့ စစ်ကော်မရှင်တပ်တို့ ၂၁ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်တာဖြစ်ပြီး စစ်ရေးကာလတွင်း တိုက်ပွဲပေါင်း ၁၁၂ ကြိမ်ဖြစ်ပွားကာ TNLA ဘက်မှ အလောင်း ၆၁ လောင်းနဲ့ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ နံနက်ပိုင်းအထိ ကျောက်မဲမြို့ပြင် အေးရှားဝေါလ်တိုးဂိတ်ဘက်မှာ ပစ်ခတ်သံတွေ ကြားနေရသေးတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီက သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA သိမ်းပိုက်ထားတဲ့ မြို့ ၁၂ မြို့ထဲက နောင်ချိုနဲ့ ကျောက်မဲ ကို TNLA က ပြန်လည်လက်လွတ်ခဲ့ရတာပဲဖြစ်ပါတယ်။