ယခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်အတွက် ရွေးကောက်ပွဲ မကျင်းတဲ့ မဲဆန္ဒနယ် ၁၂၁ နယ်ရှိပြီး သျှမ်းပြည်နယ်က ၁၇ မြို့နယ်ပါဝင်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသား လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၉) နယ်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပခြင်းပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
ရွေးကောက်ပွဲ မကျင်းပတဲ့ သျှမ်းပြည်နယ်က မြို့နယ်တွေထဲမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ သိန္နီ၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ မိုးမိတ်နဲ့ ကွမ်လုံ စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် သျှမ်းမြောက်က ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်နဲ့ “ဝ” တပ် UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်း၊ နားဖန်း၊ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်မြို့နယ်နဲ့ မိုင်းလားတပ် NDAA ထိန်းချုပ်ထားတဲ့ မိုင်း
လားမြို့နယ်လည်း ပါဝင်တာတွေ့ရပါတယ်။


ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမယ့် ထုတ်ပြန်ကြေညာချက်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေပါဝင်တယ်။
ဒါကြောင့် လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၇၄) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၇၅) နယ်၊ အချိုးကျ ကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ် (၂၆)နယ်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၂၆၆) နယ်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် အချိုးကျ ကိုယ်စားပြု စနစ် (PR) မဲဆန္ဒနယ် (၄၂) နယ် နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်(၂၉) နယ်တို့မှာပဲ ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။