၅ လကျော်ကြာတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်အင်အားလာဖြည့်တဲ့ စစ်ကောင်စီ ရဟတ်ယာဥ်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဥ် ၃ စီးအနက် နှစ်စီး ထိမှန်ပြီး တစ်စီးပျက်ကျတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။
ယနေ့ မေလ ၂၀ ရက် မွန်းလွဲပိုင်းအချိန်က ဗန်းမော်မြို့ရှိ စကခ ၂၁ ဌာနချုပ်အနီး စစ်ကောင်စီရဲ့ ရဟတ်ယာဥ် ၃ စီးနဲ့ စစ်ကူလာဖြည့်ချိန်မှာ KIA နဲ့ တပ်ပေါင်းစုအဖွဲ့တွေက ဝိုင်းပစ်ခဲ့ပြီး ရဟတ်ယာဥ် ၂ စီးထိမှန်ကာ တစ်စီးတွင် ရွှေကူဘက် အရေးပေါ် ဆင်းသက်နိုင်ပြီး ကျန်တစ်စီးတွင်မူ တောထဲပျက်ကျ ခဲ့တယ်လို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ဒေသတွင်းမီဒီယာမှာ အတည်ပြု ပြောကြားထားပါတယ်။
ဒါ့အပြင် ကျန်ရှိတဲ့ ရဟတ်ယာဥ်တစ်စင်းကတော့ မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်းဘက် ဆင်းသက် သွားတယ်လို့ ဆိုပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ရက်ကစပြီး ၅ လကျော်ကြာသည်အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
Photo – ပျက်ကျရဟတ်ယာဥ်(ပုံဟောင်း)