သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအနီးတွင် မေလ(၁၃)ရက်နေ့က တော်လှန် ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီ၊ လက်အောက် ခံ PNA ပြည်သူ့စစ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ၁၈ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၃ ဦး နဲ့အတူ လက် နက် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် (၁၀၀၉) အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က မေလ(၁၆)ရက်မှာ ထုတ်ပြန်ထားသည်။
ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုဘက်မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီတပ်မှ (၁၈)ဦးထက်မနည်း ထိခိုက်သေဆုံးကာ တော်လှန် ရေး တပ်ပေါင်းစုဘက်မှ MA3 သေနတ်(၃)လက်၊ MA1 သေနတ် (၁) လက် စုစုပေါင်း သေနတ် (၄) လက်အပါအဝင် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်း (၃)ဦး ဖမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။
စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် အင်းလေး PDF အမှတ် (၁၀၀၉ တပ် ရင်း)၊ ဖယ်ခုံPDF အမှတ် (၁၀၀၆ တပ်ရင်း)၊ ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင် ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
စစ်ကောင်စီသည် တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့်နယ်မြေများကို ပြန်လည်ရရှိရေးအတွက် မြေပြင်ထိုးစစ်ဆင်ရာတွင် လေကြောင်း၊ လက်နက် ကြီးများ အဆက်မပြတ် ပစ်ခတ်မှုများရှိနေပြီး ပြည်သူများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။