နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် RCSS/SSA လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များအားလုံး SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA မှ ထုတ်ပြန်ထားပါတယ်။
အပစ်ရပ်စဲရေးကာလကို ယနေ့ မေလ ၁၆ ရက်နေ့မှ စတင်ပြီး မေ ၂၅ ရက်နေ့အထိ (၁၀)ရက်အတွင်း လုံးဝ အပစ်ရပ်စဲရမှာဖြစ်တယ်လို့ သိရပါတယ်။
သျှမ်းတော်လှန်ရေးနေ့ ကျင်းပမယ့်ရက် နီးကပ်လာသလို အဲ့ဒီနေ့မှာလည်း သက်ဆိုင်ရာ အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးဖို့ရန်အတွက် (၁၀)ရက်တာ ကာလအတွင်းမှာ တပ်ရင်း၊ တပ်ဖွဲ့များ အားလုံး မိမိတို့ ရောက်ရာနေရာမှာ နေထိုင်ကာ စစ်ရေးလှုပ်ရှားမှု ရပ်နားထားရမှာဖြစ်ပြီး ခုခံကာကွယ် ဖို့အတွက်သာ စီစဥ်ထားရန် ထုတ်ပြန်ထားပါတယ်။
သျှမ်းပြည်ရဲ့ ကံကြမ္မာ ပြိုလုနီးပါးဖြစ်နေပြီး သျှမ်းတပ်အချင်းချင်း တွေ့ဆုံ ဆွေးနွေးမှုမရှိလျှင် သျှမ်းပြည်သူ လူထုအနေနဲ့ ဘေးဒုက္ခမျိုးစုံ ဆက်လက်ခံစားရမှာဖြစ်တဲ့အတွက် လာမယ့် ၆၈ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့မှာ နှစ်ဖက်တပ်ဖွဲ့နဲ့ ပြည်သူ လူထုတို့ တွေ့ဆုံဆွေးနွေးနိုင်ရန် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် မှ ဦးဆောင် စီစဥ်ထားပြီး ထုတ်ပြန်ချက် မိတ္တူကို SSPP/SSA ထံလည်း ပေးပို့ထားတယ်လို့ သိရပါတယ်။