သျှမ်းပြည်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ် ၊ ဘီလူးချောင်းအရှေ့ဖက်ခြမ်းရှိ နမ့်တုတ်ကျေးရွာနဲ့ ကုန်းသာ (ခ) မဆုန့်ခွမ် ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် ဒေသခံတွေရဲ့နေအိမ် ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။
မေလ ၂ ရက် ၊ နေ့လည် ၁၂ နာရီဝန်းကျင်ကနေ နေ့လည် ၂ နာရီခွဲအချိန်ထိ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့က ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခတ်ပြီး ကုန်းသာ(ခ) မဆုန့်ခွမ်ကျေးရွာကို လက်နက်ကြီးနဲ့ ၉ ကြိမ်ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့
အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့ကထုတ်ပြန်ထားပါ တယ် ။
“ လူတော့ထိခိုက်မိတာမကြားသေးဘူး ကလေးရောလူကြီးရောလန့်နေရတယ် ၊နန်းတုတ်ရွာထဲက ခန်းမဆောင်ထိသွားတယ် ၊ နေအိမ် နှစ်အိမ် ပျက်စီးတယ်” လို့ ပင်လောင်းသတင်းရင်းမြစ်တစ်ဦးကလည်းပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ပထမပါတ်ထဲမှာလဲ ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာကို စစ်ကောင်စီနဲ့ လက်အောက်ခံ PNA/PNOတို့က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

photo- အင်းလေးဒေသလူ့အခွင့်အရေး