သျှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စစ်ရှောင်ပြည်သူ ခိုအောင်းနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီး သံဃာတော် ၉ ပါး အပါအဝင် အနည်းဆုံး ၁၄ ဉီးသေဆုံး ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။
ယနေ့ မတ်လ ၁၆ ရက် ညနေပိုင်းအချိန်က နောင်ချိုမြို့နယ် စိန်ရတနာပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး(၄)လုံး လာရောက်ကြဲချသလို စက်သေနတ်နဲ့ပါ ပတ်ခတ်သွားတယ်လို့ သိရပါတယ်။
” စိန်ရတနာစာသင်တိုက်ကျောင်းကို လေယာဉ်နိမ့်နိမ့်လေးပျံပြီး ဗုံးနဲ့ လာကြဲသွားတာ၊ အဲ့ကျောင်းမှာ ပြည်သူတွေ စစ်ရှောင်နေတာ သိသိနဲ့ တမင်ကိုလုပ်သွားတာ” လို့ နောင်ချို ဒေသခံတစ်ဦး ကပြောပါတယ်။
စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ ဘုန်းကြီး ၁ ပါး၊ ကိုရင် ၈ ပါးနှင့် ပြည်သူ ၅ ဦး သေဆုံးပြီး နေအိမ်နှင့် ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
