သျှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်းရှိ (၁၂)ဧကကျယ်ဝန်းတဲ့ ဘိန်းခင်းများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များက မှတ်တမ်းဓါတ်ပုံအတွက် ဟန်ပြဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ(၅)ရက်နေ့က ဟိုပုံးမြို့နယ်၊ နောင်လိုင်မူဖိတ်ကျေးရွာ အုပ်စု၊ ပန်ကုလား ကျေးရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဖူးပွင့်ဆဲဘိန်းခင်း (၁၂)ဧကခန့်ကို ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူများက ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
“ ဘိန်းခင်းဖျက်တာက ဟန်ပြပါ သူတို့ရဲ့ လှုပ်ရှားမှုမှတ်တမ်းရဖို့အတွက်ပဲလေ၊ အခုဖျက်တာက ဖူးပွင့်နေဆဲ ဘိန်းခင်းကို နည်းနည်းဖျက်ပြ ပုံရိုက်ပြီးတော့ အစေးခြစ်ယူပြီးသား အခင်းတွေကိုပဲ ဖျက်တာများတယ်” လို့ ဟိုပုံးဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သျှမ်းပြည်နယ်တောင်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု ပိုမိုတိုးလားပြီး ကားလမ်းဘေးဝဲယာထိ ပေါ်ပေါ်ထင်ထင်စိုက်ပျိုးလာကြတယ်လို့ သိရပါတယ်။
