သျှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ထီတခု နောင်ဒေးကျေးရွာဘက်မှ UWSA တပ်စခန်း မှ တပ်သားများအားလုံးသည် ပြီးခဲ့သည့် ရက်ပိုင်းက စခန်းမှ စွန့်ခွာသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၈)ရက်က UWSA တပ်ဖွဲ့သည် အင်အားအပြည့်ပါ ကားကြီး(၈)စီး နှင့် ကားငယ်(၂)စီးတို့က RCSS လှုပ်ရှားရာ နယ်မြေ(၈)ထဲမှ မိုင်းပျဥ်း−ရပ်စောက်ဘက် ထွက်ခွာသွား ကြောင်း စစ်ရေးလှုပ်ရှားမှုစောင့်ကြည့်သူတစ်ဦးက Hsan Loi Voice ကို ပြောသည်။
“ ခန့်မှန်းအင်အားက ၅၀ နဲ့ ၈၀ ကြားရှိတယ်၊ အခု သူတို့စွန့်ခွာသွားတဲ့ စခန်းက အရင်က RCSS ရဲ့ နေရာဟောင်းပဲလေ “ ဟု ၎င်းက ဆက်ပြောသည်။
UWSA အနေဖြင့် အဘယ်ကြောင့် စခန်းစွန့်ခွာသွားသည်ကို တိတိကျကျမသိရပေမယ့် အဆိုပါ တပ်စခန်းနယ်မြေ ဝန်းကျင်နှင့် သျှမ်းပြည်နယ်တောင်ပိုင်းရှိ နေရာအနှံ့တွင် RCSS/SSA မှ အင်အား များစွာဖြန့်ကျက်ဖြည့်တင်းထားကြောင်း သိရသည်။
