လက်ရှိကာလမှာ အာရက္ခ တပြည်လုံးနီးပါး သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေသို့ ရောက်ရှိနေပြီး တမျိုးသားလုံးရဲ့ ရည်မှန်းချက် ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလိုသို့ ရောက်ရှိနေပြီလို့ AA က ထုတ်ပြန်ကြေညာထားပါတယ်။
အာရက္ခတပြည်လုံး မြို့ပြစည်ပင်သာယာရေးနှင့် စနစ်တကျတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ ထုတ်ပြန် ကြေညာချက် ဆိုတဲ့ ခေါင်းစဥ်နဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) က ယမန်နေ့ညက ထုတ်ပြန်ထားပါတယ်။
ယခုလို အောင်မြင်မှုများရရှိလာခြင်းဟာ အာရက္ခစစ်သည်တော်တို့ရဲ့ အသက်၊ ဘဝ၊ ခန္ဓာ၊ သွေး၊ ချွေးပေါင်းများစွာကို နေ့တိုင်းစွန့်လွှတ်အနစ်နာခံမှု၊ တိုက်ပွဲဝင်ပြီး အောင်ပွဲများရယူနိုင်ခြင်းရဲ့ အကျိုးရလဒ် ဖြစ်တဲ့နည်းတူ ရဲရင့်ပြောင်မြောက်တဲ့ အာရက္ခပြည်သူလူထုတွေရဲ့ တာဝန်ကျေပွန်မှု ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မပြီးပြတ်သေးတဲ့ တော်လှန်ရေးကြီး အလုံးစုံပြည့်ဝအောင်မြင်မှု ရရှိရေးအတွက်လည်း အာရက္ခစစ်သည်တော်များဟာ ရှေ့တန်းစစ်မျက်နှာမှ ရန်သူတွေနဲ့ အပြင်းအထန် ဆက်လက် ရင်ဆိုင်တိုက်ပွဲဝင်နေကြရပြီး ရှုံးမဲ မဲနေတဲ့ ရန်သူဟာ ရခိုင်ပြည်သူတွေ နေထိုင်ရာမြို့ရွာများအား လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ ယခင်ကထက် ပိုမိုလုပ်ဆောင် လျက်ရှိတယ်လို့ ဆိုပါတယ်။
စစ်မြေပြင်မှာ ရန်သူနဲ့ စစ်ရေးအရ အပြင်းထန်ဆုံး ရင်ဆိုင်တိုက်ပွဲဝင်နေရနည်းတူ မိမိတို့အဖွဲ့အစည်း အား နိုင်ငံတကာဖိအားများ သက်ရောက်စေရန် အားထုတ်ကြိုးပမ်းကြတဲ့ အစုအဖွဲများ၊ အမျိုးသား သစ္စာ ဖောက်အချို့ရဲ့ တကိုယ်တော် တိုက်ခိုက်ဆောင်ရွက်ချက်တွေကိုလည်း ဘက်စုံထောင့်စုံမှ ရင်ဆိုင်နေရ တယ်လို့ ဖော်ပြထားပါတယ်။
စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုက်ခိုက်မှုများကြားထဲမှ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြ၊ ရပ်ရွာ၊ ကျေးလက် ဖွံ့ဖြိုးရေး စီမံကိန်းစတဲ့ တိုင်းပြည်တည်ဆောက်ရေးကဏ္ဍတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကိုပါ ရခိုင်ပြည်သူနဲ့အတူ လက်တွဲပြီး အချိန်နဲ့တပြေးညီ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ် လုပ်ဆောင်တယ်လို့ AA က ဆိုပါတယ်။
အထူးသဖြင့် အာရက္ခပြည်သူတွေ အသက်တမျှ တန်းဖိုးထားလာတဲ့ အာရက္ခပြည်သမိုင်းရဲ့ အထင်ကရနဲ့ အာရက္ခတို့ရဲ့ အသည်းနှလုံးဖြစ်တဲ့ “မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဇုန်” အား သန့်ရှင်းသပ်ရပ်စွာနဲ့ ရေရှည်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ဖို့၊ ကမ္ဘာ့အမွေအနှစ်၊ အာရက္ခ အမွေအနှစ်အဖြစ် တည်တံ့နိုင်ရန် ရည်ရွယ်ချက်တွေနဲ့ “မြောက်ဦးမြို့ပြတည်ဆောက်ရေးစီမံကိန်း” ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် မြို့ပြစီမံကိန်းတွေ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ အမျိုးသားရေး အခြေခံစိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ တိုင်းပြည်အပေါ်ထားရှိတဲ့ အရင်းခံစေတနာစိတ်တွေနဲ့ ယခင်ကထက်ပိုတဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်မှုမျိုးနဲ့ ပါဝင်ကြဖို့ကိုလည်း အာရက္ခပြည်သူကို AA က တိုက်တွန်းထားပါတယ်။
Photo – AA Info Desk