နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အမေရိကန်နဲ့ မြန်မာအာဏာပိုင်များ ဂျပန်နိုင်ငံ တိုဂျိုမြို့မှာ လျှို့ဝှက်ဆွေးနွေးထပ်မံပြုလုပ်

အမေရိကန်နဲ့ မြန်မာအာဏာပိုင်များ ဂျပန်နိုင်ငံ တိုဂျိုမြို့မှာ လျှို့ဝှက်ဆွေးနွေးထပ်မံပြုလုပ်

Hsan Loi Editor
20/10/2026
Share:

အမေရိကန်နဲ့ မြန်မာအာဏာပိုင်တို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ လျှို့ဝှက် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။

ဒီတွေ့ဆုံမှုဟာ တစ်လအတွင်း နှစ်ဖက်အကြား ဒုတိယအကြိမ်မြောက် ထိတွေ့ဆက်ဆံတာဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာစစ်အုပ်စုတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို ရှောင်ရှားခဲ့တဲ့ အမေရိကန်ဟာ ယခုအခါ ဆက်ဆံရေးပြန်လည်တိုးမြင့်လာခဲ့တာဖြစ်ပါတယ်။

ပထမအကြိမ် ဆွေးနွေးမှုကို စက်တင်ဘာလလယ်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး လွတ်မြောက်ရေးနဲ့ အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထားတဲ့ အွန်လိုင်းလိမ်လည်မှုစင်တာ ပိတ်သိမ်းရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

သို့သော် ယခုကဲ့သို့ ထိတွေ့ဆက်ဆံမှုများကြောင့် မြန်မာနိုင်ငံ၏ မြေရှားသတ္တု အပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးနိုင်ရန်အတွက် လမ်းဖွင့်ပေးနိုင်မယ်လို့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

တိုကျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် တွေကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ ယခုလို ထိတွေ့ဆက်ဆံရန် အမေရိကန်၏ ကြိုးပမ်းလာမှု ဟာ အာရှ-ပစိဖိတ်ဒေသအတွင်း မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာချိန်မှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ဆွေးနွေးမှုများ၏ ထိလွယ်ရှလွယ်တဲ့ သဘောသဘာဝကြောင့် အမေရိကန်အရာရှိ တစ်ဦးအပါအဝင် သတင်းရင်းမြစ်အားလုံးက ၎င်းတို့၏ အမည်များကို ထုတ်ဖော်ပြောကြားခြင်းမပြုရန် တောင်းဆိုခဲ့ကြ တယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ တိုကျိုဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် (Michael Vance) က ဦးဆောင်ခဲ့ပြီး အမေရိကန်အရာရှိ အနည်းဆုံး ၁၂ ဦး ပါဝင်ခဲ့ကာ မြန်မာအာဏာပိုင်ဘက်မှ မည်သူက ကိုယ်စားပြု တက်ရောက်ခဲ့တယ်ဆိုတာကတော့ အတည်မပြု နိုင်ဘူးလို့ Reuters သတင်းက ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ဆွေးနွေးမှုများနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ခြင်းမရှိခဲ့သော်လည်း အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များအတွက် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနဲ့ ဆက်လက်ထိတွေ့ ဆက်ဆံနေကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာစစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူကလည်း ယင်းဆွေးနွေးမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိခဲ့ပေ။

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့တဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မေးမြန်းရာ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်ဖက်စလုံးနဲ့ လိုအပ်သလို ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အီးမေးလ်မှတစ်ဆင့် ပြန်လည်ဖြေကြားခဲ့သော်လည်း သီးခြားသံတမန်ရေးရာ အပြန်အလှန် ဆွေးနွေးမှု များနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

ယခင်ဆွေးနွေးမှုများနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ စက်တင်ဘာလအတွင်း နေပြည်တော်မှာ ဗန့်စ် နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မှ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင် တို့ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲက ပိုမိုကျယ်ပြန့်သော ဆွေးနွေးမှုများ ပြုလုပ်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ယခုလို တိုကျိုမြို့မှာ နောက်ထပ်တွေ့ဆုံပွဲကို လျင်မြန်စွာ စီစဉ်နိုင်ခဲ့တာက နှစ်ဖက်စလုံးဟာ ဆွေးနွေးရေး လမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားလိုကြောင်း ပြသနေပါတယ်။

အမေရိကန်ရဲ့ အဓိကဦးစားပေး ရည်မှန်းချက်မှာ အမေရိကန်နိုင်ငံသားများထံမှ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး လိမ်လည်ရယူနေတဲ့ အွန်လိုင်းလိမ်လည်မှုစင်တာတွေကို ပိတ်သိမ်းရေးအတွက် မြန်မာနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု အကူအညီ ရယူရန် ဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

မြန်မာစစ်အစိုးရကလည်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပါဝင်နေတယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်အရာရှိများဟာ မြန်မာနိုင်ငံအတွင်း မြေရှားသတ္တုများ ရယူသုံးစွဲနိုင်တဲ့ အခွင့်အလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
သို့သော် မြေရှားသတ္တုဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ တည်ရှိနေတာြဖစ်ပြီး မြေရှားသတ္တုတွေကို အဓိကဝယ်ယူတဲ့ တရုတ်နိုင်ငံက အမေရိကန်ရဲ့ ပါဝင် ပတ်သက်မှုကို ကန့်ကွက်လာနိုင်တယ်လို့ သိရပါတယ်။

အမေရိကန်−မြန်မာ ဆွေးနွေးမှုတွေမှာ ဂျပန်က အိမ်ရှင်အဖြစ်လက်ခံကျင်းပ ပေးခြင်းမှလွှဲပြီး ဂျပန်နိုင်ငံမှာ အခြားအကျိုးစီးပွားများ ရှိ/မရှိကို ရှင်းလင်းစွာ မသိရပါဘူး။ သို့ပေမယ့် ဂျပန်နိုင်ငံလည်း မြန်မာနဲ့ ဆက်ဆံရေးပြန်လည် တိုးမြင့်ဖို့ လှုပ်ရှားလာတဲ့ အရိပ်အယောင်များ ရှိနေတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

အောက်တိုဘာလအစောပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ယာယီသံကိုယ်စားလှယ်တစ်ဦးဟာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်း လူသိရှင်ကြား သိရတဲ့ နှစ်ဖက်အကြား ပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။

အဲ့ဒီတွေ့ဆုံဆွေးနွေးမှုမှာ မြန်မာနိုင်ငံအတွင်းရှိ ဂျပန်နိုင်ငံသားများရဲ့ ဘေးကင်းလုံခြုံရေးနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်နေတဲ့ ဂျပန်ကုမ္ပဏီများ ပံ့ပိုးကူညီရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းမတိုင်မီ စက်တင်ဘာလအတွင်း ဂျပန်အာဏာရပါတီမှ လွှတ်တော်အမတ် ဟီရိုမိချိ ဝါတာနာဘဲ (Hiromichi Watanabe)သည် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး ၎င်းခရီးစဥ်ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်စတင်ရန်နဲ့ မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီများ ပြန်လည် ပေးအပ်ရန် ရည်ရွယ်ခြင်းဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံပိုင်သတင်းစာ က ဖော်ပြခဲ့ ပါတယ်။

ဝါတာနာဘဲ ရဲ့ ခရီးစဥ်ဟာ ၎င်း၏ တစ်ဦးချင်း လွှတ်တော်အမတ်အဖြစ် သွားရောက်ခဲ့ခြင်းသာဖြစ်ပြီး ဂျပန်အစိုးရရဲ့ ရပ်တည်ချက်ကို “ မည်သည့်နည်းနှင့်မျှ ကြိုတင်သတ်မှတ်ခြင်း မဟုတ်ကြောင်း” ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်တဲ့ နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် အနောက်နိုင်ငံများမှ ကုမ္ပဏီအများအပြား မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သော်လည်း ဂျပန်ကုမ္ပဏီ အများအပြားမှာ စက်ရုံများနဲ့ စီးပွားရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင် လည်ပတ်လျက်ရှိပါတယ်။

ဂျပန်ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (JETRO)ရဲ့ အချက်အလက်များအရ ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီ အနည်းဆုံး ၄၀၀ ခန့် လုပ်ငန်းလည်ပတ်နေခဲ့ပြီး လက်ရှိအချိန်မှာ ကုမ္ပဏီ ၃၀၀ ခန့် ဆက်လက် လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရှိရပါတယ်။

Ref: Reuters