သျှမ်းတော်လှန်ရေးခရီးရှည် နှစ် ၆၈ နှစ်အတွင်း ပြန်လည်သုံးသပ်ရမှာ အားနည်းချက်တွေ တွေ့ရှိပြီး မိမိတို့ အချင်းချင်းကြား ရည်မှန်းချက် မတူညီတာ၊ စည်းလုံးညီညွတ်မှု မရှိတာတွေကြောင့် တော်လှန်ရေးအဓွန့်ရှည်ကြာရတာလို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။
ဒီကနေ့ မေလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့မှာ ပေးပို့တဲ့ RCSS ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ အခုလိုဖော်ပြထားပါတယ်။
အချို့ခေါင်းဆောင်၊ အချို့အဖွဲ့အစည်းတွေက မျိုးချစ်စိတ်သာရှိပြီး တော်လှန်ရေးနည်းလမ်း တွေမဖော်ဆောင်တတ်တာ၊ ဗမာစစ်တပ် မုန်းတီးရေး စိတ်ဓါတ်တစ်မျိုးတည်းကို အခြေခံတာနဲ့ ဗမာတပ် အားလုံးကို တိုက်ဖျက်ဖို့သာသိခြင်းတို့ကြောင့် တော်လှန်ရေးသက်ရှည်ကြာပြီး ကြုံတွေ့လာတဲ့ ပြဿနာအမျိုးမျိုးကို မဖြေရှင်းတတ်တော့တာလို့ ဆိုပါတယ်။
ဒါ့အပြင် နယ်မြေ၊ စီးပွားရေးအတွက် အချင်းချင်းရန်ဖြစ် တိုက်ခိုက်ကြကာ အမျိုးသားရေးကို အဓိကမထားဘဲ ကိုယ့်အဖွဲ့အရေးကိုသာ အဓိကထားလာကြပြီး ဒေသစွဲနဲ့ ဂိုဏ်းခွဲဖြစ်လာကြကာ တွေ့ဆုံဆွေးနွေးခြင်း မရှိဘဲ အချင်းချင်းတိုက်ခိုက်ကြတာဟာလည်း တော်လှန်ရေးကို အဓွန့်ရှည်ကြာ စေတယ်လို့ RCSS ဥက္ကဋ္ဌ က ဆိုပါတယ်။
တော်လှန်ရေးဟာ တော်လှန်ရေးတပ်နဲ့သာ သက်ဆိုင်တာမဟုတ်ပဲ ရန်သူရဲ့ ပင်လုံကတိကဝတ်၊ ပင်လုံစာချုပ်အပေါ် သစ္စာဖောက်ဖျက်တာ၊ စော်ကားတာတွေကြောင့် မိမိတို့ပြည်သူလူထု အတိဒုက္ခ ရောက်ရတဲ့အတွက် တော်လှန်ရတာဖြစ်ပြီး ပြည်သူအနေနဲ့လည်း တာဝန်ကိုယ်စီရှိကြတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဘိုးဘွားဘီဘင်တို့က အမွေပေးခဲ့တဲ့ တိုင်းပြည်အတွက် စိတ်ဓါတ်ခိုင်မာ ရဲရင့်စွာနဲ့ ဆက်လက် တိုက်ပွဲဝင်သွားကြပြီး အတွေးအခေါ်နဲ့ လုပ်နည်းလုပ်ဟန်တွေကို ပြင်ဆင်ကြဖို့၊ နိုင်ငံရေး၊ စစ်ရေး မဟာဗျုဟာတွေကို လေ့လာသင်ယူဖို့၊ တိုင်းပြည်အရေးကို အဓိကထားပြီး အချင်းချင်းကူညီကြဖို့နဲ့ အချင်းချင်း အပြစ်မတင်ကြဖို့ မျိုးချစ်ပုဂ္ဂိုလ်တွေကို တိုက်တွန်းထားပါတယ်။
သျှမ်းပြည်လွတ်လပ်ရေး၊ သျှမ်းပြည်အတွင်းမှ ဗမာစစ်တပ်အား တိုက်ထုတ်ရေး၊ အမျိုးသား တန်းတူရေးတို့အတွက် ရည်မှန်းပြီး ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့က သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စုမှာ မျိုးချစ်လူငယ် ၃၁ ဦး၊ သေနတ် ၇ လက်နဲ့ စဝ်နွဲ့ (ခေါ်) စောယန်တ က ဦးဆောင်ပြီး “နွံစစ်ဟန်” အမည်ရှိ သျှမ်းတော်လှန်ရေးတပ်ကို စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ချိန်ထိ သျှမ်းတော်လှန်ရေးဟာလည်း ဆက်လက်တည်ရှိနေတယ်လို့ သိရပါတယ်။