သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားလုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူ စုစုပေါင်း ၅၀ ဦးအား ဆက်စပ်ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းက နမ့်စန်မြို့နယ်၊ ကုန်းယောင်းကျေးရွာအနီးမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၅၀ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ အလုပ်ရုံ အဆောက် အအုံ ၁ လုံး၊ လူနေ အဆောက်အအုံ ၂ လုံး၊ စားချက်ဆောင် ၁ လုံးနဲ့ Star Link ၂၀ စုံ၊ Laptop ၂၅ လုံး၊ ALL In One Computer ၂ဝ လုံး၊ ဖုန်းမျိုးစုံ ၂၁၇ လုံး၊ System ပုံး ၉ လုံး၊ Printer ၂ လုံး၊ Freezer ၁ လုံး၊ မီးစက် (အကြီး) ၁ လုံး၊ ထိုင်ခုံ၊ စားပွဲ စတဲ့ဆက်စပ်ပစ္စည်းတွေနဲ့ အတူဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေနဲ့အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိတဲ့ လုပ်ငန်းသုံးပစ္စည်း တွေကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုးကန့်ဒေသနဲ့ “ဝ” ဒေသမှာရှိခဲ့တဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ၁၀၂၇ စစ်ဆင်ရေး အလွန်မှာ သျှမ်းပြည် တောင်ပိုင်းနဲ့ အရှေ့ပိုင်း သို့ ပြောင်းရွှေ့လာပြီး ဟိုပုံး၊ လဲချား၊ နမ့်စန်၊ မိုင်းရယ်၊ တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ် စတဲ့မြို့နယ်အတွင်းထဲမှ ကျားဖြန့်တည်ရှိလာတဲ့နေရာ ၁၇ ခုရှိပြီး တန့်ယန်း၊ လဲချား၊ တာချီလိတ်နဲ့ မူဆယ်မြို့နယ်တွေမှာ ကျားဖြန့်လုပ်ငန်း အများဆုံးတွေ့ရတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး သုတေတနအဖွဲ့ (ISP- Myanmar) က စက်တင်ဘာလ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း အစိုးရအဖွဲ့အနေနဲ့လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်တာတွေ ပပျောက်စေဖို့နဲ့ မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေဖို့အတွက် ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေ လုပ်ဆောင်လာနေတာ တွေ့ရပါတယ်။