နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရန် အမြဲတောင်းဆိုခဲ့ပြီး ဖြစ်နိုင်တဲ့ကိစ္စတွေကို ဦးစားပေး ဆွေးနွေးသွားမယ်လို့ SSPP ပြော
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အမျိုးသားညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ယမန်နေ့ ဇွန်လ ၁၂ ရက်က နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံချိန်မှာ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် က “ကြိုတင်ကန့်သတ်ချက်မထားတဲ့ နည်းလမ်းနဲ့ ဆွေးနွေးသွားရန် ဖိတ်ခေါ်ခဲ့ပြီး NCA Plus ကဲ့သို့ အကောင်အထည်ဖော်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း လျာထားကြောင်း၊ အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်တဲ့ကိစ္စများ ဆောင်ရွက်မှု မရှိစေရေး ကာကွယ်စောင့်ကြည့်တဲ့ လုပ်ငန်းများအား ယန္တရားတည်ဆောက်၍ ဆောင်ရွက်ထားရန် လိုပြီး အစိုးရမှဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် စဉ်ဆက် မပြတ် ထိတွေ့လိုကြောင်းနဲ့ SSPP အဖွဲ့ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် က ငြိမ်းချမ်းရေး အမှန်တကယ်လိုအပ်ပြီး မိမိတို့အနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရန် အမြဲတောင်းဆို ခဲ့ပြီး ဖြစ်နိုင်တဲ့ ကိစ္စတွေကို ဦးစားပေး ဆွေးနွေးသွားမှာ ဖြစ်ကာ အတိတ်က သင်ခန်းစာများကိုယူပြီး ယုံကြည်မှုတည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တက်ရောက်လာသူများက တန်းတူရေးကို အခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုပေါ်ထွန်းရေး၊ ယုံကြည်မှုထိခိုက်စေတဲ့ ဖြစ်စဥ်များအပေါ် သင်ခန်းစာယူပြီး ထပ်မံမဖြစ်ပွားအောင် အလေးထားဆောင်ရွက်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရေး နှစ်ဖက်ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှုရှိစေဖို့ ဆက်လက် ထိန်းသိမ်းထားနိုင်ရေး၊ နှစ်ဖက်ရရှိထားပြီးတဲ့ သဘော တူညီချက်များနဲ့ အပစ်အခတ်ရပ်စဲမှု အခြေအနေကို လေ့လာ စောင့်ကြည့်ခြင်းနဲ့ နယ်မြေကျော်လွန်ခြင်းကိစ္စများနဲ့ ပတ်သက်ပြီး ချက်ချင်းဖြေရှင်းနိုင်မယ့် အဖွဲ့စုံ ပါဝင်တဲ့အဖွဲ့ တစ်ရပ် ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကိစ္စတွေလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။
အရပ်သားအသွင်ပြောင်း အာဏာသိမ်း စစ်အစိုးရ ရဲ့ ရက် ၁၀၀ စီမံချက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပြီး ရှမ်းနီအမျိုးသားတပ်မတော်(SNA) နဲ့ ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် NCA အပစ်ရပ်အဖွဲ့အချို့က 7 EAO Alliance နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ဆုံပြီးနောက် SSPP အဖွဲ့အား ထပ်မံ တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။
Photo – MOI